Friday, November 9, 2012

လျှပ်တပြက်ရိုက်ချက်များ



ဟောဒီခဏလေးပါပဲ
အံ့သြ၊ထိတ်လန့်မှုတွေနဲ့ဘ၀ကိုစခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
လူ့အဖြစ်ရဲ့ အငြိမ်းချမ်းဆုံးမေတ္တာရိပ်မှာခိုဝင်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
သင်္ခန်းစာတွေတပွေ့တပိုက်နဲ့
ဘ၀ကိုအိပ်မက်တွေနဲ့ကြိုက်ဈေးခေါ်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
အပူလောင်ဆုံးပျော်ရွှင်မှုနဲ့
ဘ၀ကိုအချစ်နဲ့ထပ်ကိန်းတွက် ကန့်သတ်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
ဆန္ဒနောက်အရိပ်လိုလိုက်ပြီး
ကိုယ့်အလိုကိုယ်ပြန်အလိုရိခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
သံယောဇဉ်တွယ်တာသူတို့
ပုံစံအမျိုးမျိုးနဲ့အနားကထွက်ခွါသွားခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
ဒုက္ခတွေပင်လယ်ဝေမှန်းသိသိနဲ့
တပ်မက်မှုတွေနဲ့ရပ်တန့်မနေတတ်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
တရားသဘောကို
သညာနဲ့သိသလိုလို ပညာနဲ့သိသလိုလိုနဲ့အရွယ်တွေရင့်ရော်ခဲ့ကြရတာ၊
ဟောဒီခဏလေးပါပဲ
ဆန္ဒတွေမပြည့်မစုံနဲ့
အရာအားလုံးကိုကျောခိုင်းထွက်ခွါခဲ့ကြတာ၊
တကယ့်ကိုခဏလေးပါပဲ
လူ့အဖြစ်ရဲ့ ဖြစ်တည်မှုဆိုတာ။

No comments: