Thursday, December 20, 2012

နောက်ပြန်လည်လည်သွားတဲ့နေ့


သတိရနေဆဲလား၊အတတ်ဆိုတာအတိတ်မှာကျန်ခဲ့မယ်ဆိုလျှင်ကျွန်တော်နဲ့သူမခုလောက်ဆို
သူစိမ်းတွေလိုပြန်ဖြစ်သွားမည်ပေါ့၊ခုတော့စောင့်နေကျကားမှတ်တိုင်လေးမှာတိတ်တိတ်လေး
စောင့်နေမိဆဲဘ၀ဆိုတာတစ်ခါပဲချစ်ခွင့်ရှိသလားပြောင်းလဲခွင့်မရှိတော့ဘူးလားသေချာမှုလေး
တွေပျောက်ဆုံးနေတဲ့မိုးခေါင်ရေရှားဒေသတစ်ခုလိုကံတရားမှာအချစ်တို့ပြန်လည်စိမ်းလန်းခွင့်
မရှိတော့ဘူးလား၊အရာရာအားလုံးဟာမမြဲဘူး၊သဘောတရားတစ်ခုတည်းနဲ့တော့ကိုယ့်လိုအစွဲအ
လန်းကြီးသူတစ်ယောက်ကိုနှစ်သိမ့်ပေးနိုင်လိမ့်မည်မထင၊်ဟိုးအရင်ကျောင်းတက်နေတဲ့မင်းပုံ
ရိပ်လေးကိုသတိရတယ်၊ခပ်လွင်လွင်ရယ်တတ်တဲ့မင်းအမူအရာလေးကိုလွမ်းတယ်၊မထေ့တထေ့
စိတ်ကောက်တတ်တဲ့မင်းနှုတ်ခမ်းလေးကိုချစ်တယ်၊ဘာများကျန်သေးလဲ၊မင်းထွက်သွားတော့
ငါ့ရင်ထဲ-ဟင်းလင်းပြင်မွန်းကြပ်မှုတွေထုနဲ့ထည်နဲ့။
တစ်ချိန်ကမင်းပြောခဲ့တယ်၊ငါကဆော့ခရတ္တိဖြစ်တယ်၊ပြီးမာသာထရီဇာလည်းဖြစ်တယ်၊ပြီးတော့
မင်းရဲ့လမင်းကြီးလဲဖြစ်တယ်တဲ့၊အခုရောကိုယ်ဘာဖြစ်နေသေးလဲ၊ချစ်သူရေ-ဘ၀မှာမင်းအချစ်
မိုးလေးတစ်ပေါက်နှစ်ပေါက်ရွာရုံနဲ့ကိုယ့်ဘ၀ကတာကျိုးခဲ့ရပြီ၊မင်းထွက်သွားတဲ့အရပ်မှာငါမျက်
နှာမူနေဆဲ၊မင်းလှည့်မကြည့်ပါနဲ့မင်းကျောပေးထားတဲ့အရပ်မှာငါစိတ်လွတ်လက်လွတ် မင်းစိတ်
နဲ့လောင်ကြွမ်းနေပါစေ၊
ကောင်စုတ်မလေးရေဘာအကြောင်းပြချက်မှမပေးပဲငါ့ရင်ထဲမင်းဝင်လာခဲ့တယ်၊ပြီးအကြောင်းပြ
ချက်တွေတစ်လှေစာနဲ့ငါ့ရင်ကိုနင်ဟင်းလင်းဖွင့်ချန်ထားခဲ့ပြီးအဝေးထွက်သွားခဲ့၊နင့်အလိုကျဖြစ်
တည်နေရမယ့်ဘ၀ဆိုတာငါ့ကံတရားလား၊မိုးတွေဝတ်ကျေတမ်းကျေရွာနေဆဲ၊ဗွက်ထအောင်
လင်းနေတဲ့နံနက်ခင်းတို့ဝတ်ကျေတမ်းကျေငါ့ကိုကြိုနေဆဲ၊စောင့်နေကျကားဂိတ်လေးလည်းဝတ်
ကျေတမ်းကျေငါ့အနားမှာငိုင်နေဆဲ၊မင်းနဲ့အတူတက်ခဲ့တဲ့ကျောင်းလေးလည်းဝတ်ကျေတမ်းကျေ
စာသံပေသံညံနေဆဲ၊ငါလည်းလွမ်းဖတ်ကျအိပ်မက်အကျိုးအကျေတွေနဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်
အောက်မှာစိတ်မဲ့လက်မဲ့လှုပ်ရှားရုန်းကန်နေဆဲ၊
ပြီးဆုံးခြင်းများရဲ့နောက်ကွယ်မှာမပြီးဆုံးသေးတဲ့အရာတွေသာမင်းတွေ့ခဲ့မယ်ဆိုရင်-------------
ကောင်မလေးရေငါတိုးတိတ်စွာအချစ်အတွက်ရဲတည်နေပါရစေ။

Monday, December 10, 2012

လင်းရိပ်နင်တဲ့နေ့





ရင်ရဲ့လင်းလတ်လာတဲ့အလင်းနဲ့
ရင်ကိုပြန်ကွယ်ထားခံရတဲ့နေ့
အဲဒီနေ့က
ဘ၀နဲ့အိပ်မက်တစ်ထပ်တည်းမကျခဲ့ပုံ
ဆောင်းရာသီက
ထစ်ချူန်းမိုးတွေရွာပြီသရုပ်ဖေါ်တယ်၊
တစ်ဘ၀မှာတစ်ပုဒ်တည်း
စိတ်ရေးဖွဲ့ခဲ့သမျှ အိပ်မက်ချွေတမ်းမှာ
အလွမ်းနဲ့အနားကွတ်နေရုံကလွဲလို့
မင်းရင်ခုံသံတွေပြန်မလာနိုင်တော့
စိတ်က
ဘ၀ရဲ့အပေါ်စီးကနေကြည့်ချင်ခဲ့တယ်
ကောင်မလေးရေ
ညကလကိုကွယ်တာလား
ညကိုလကကွယ်တာလား
မင်အလိုကျ
ငါ့ကိုယ်ငါပြန်ကွယ်ထားလိုက်ချင်ရဲ့
ခုတော့
အိပ်ဆေးမတိုးတော့တဲ့ညနဲ့
ကဗျာတွေဝေါဟာရမဲ့လို့
ပန်းချီကားတွေဆေးရောင်ပြယ်လို့
ငါ့နာမည်လည်း
အလွမ်းမှာမွန်းနစ်လို့

ဆောင်းအိပ်မက်


ည တိတ်ဆိတ်မှုထဲမှာစီးမျောကြည့်မိတယ်၊ ဘ၀ဆိုတာ ဆောင်းအိပ်မက်လို အမြဲလိုလိုအစိအစဉ် မကျဖြစ်တတ်တာကိုက ဘ၀ ကပေးတဲ့ရသချိုချိုတစ်ခွက်ပဲလား၊ ဆန္ဒ ကိုရှေ့တန်းတင်ခွင့်မရှိတဲ့
ဟောဒီ လယ်ယာလေးမှာ နောက်ဆုံးတော့ ကျွမ်းလောင်မှုကလွဲရင်မျှော်လင့်ခဲ့သမျှ မီးလောင်ပြင် တစ်ခုသာ၊ မောတယ် ဘ၀ကမောတာလား စိတ်ကမောတာလား မိုးခေါင်ရေရှားဒေသ မှာအုံ့မိတဲ့ တိမ်တွေလို ကိုယ့်ရင်ခုန်သံကိုကိုယ်ပြန်ဝှက်ထားရတာလောက်ခက်ခဲပင်ပန်းတဲ့အရာ ရှိနိုင်သေးရဲ့
လား၊ ကောင်စုတ်မလေးရေ.................မင်းနဲ့အတူရေးခဲ့တဲ့ ငါ့သမိုင်းမှာ မင်းဟာစုန်းပြူးမလေး တစ်ယောက် ထက်ပိုပြီးမင်းပုံပြော ကောင်းခဲ့မှန်း---- ငါအသိနောက်ကျခဲ့ အတိတ်ရဲ့ခါးသီး မှုတွေ
လဲ ချိုမြန်နေဆဲလား မင်းစိတ် နဲ့အညှို့ခံလိုက်ရတဲ့ ငါ့နေ့စွဲများည နေ့ ကောင်းကင် အိပ်မက် အစ အလင်းအဆုံး အားလုံးဟာ ပိုက်ဆံပြတ်တဲ့သူဌေးသားတစ်ယောက်ရဲ့အဖြစ်လိုမျိုး ကျန်ခဲ့၊ အယုံ အကြည်လွယ် လွန်းတဲ့အကျင့်နဲ့ မင်းသာထာဝရ လို့ငါမှတ်မှားမိတယ်လို့ တော့မတွေးရက်ဘူး ငါ ကိုက ပျော့ ညံ့ညံ့ ကံတရားကလွဲမင်းမင်းစကားကိုပဲအတည်ယူတတ်ခဲ့တာ၊ကောင်စုတ်မလေးရေ
နှင်းခါးရည်သောက်ပြီး နှင်းတောထဲမှာ ငါ တိတ်ဆိတ်မှုတွေနဲ့ ရှင်သန်းကျန်ရစ်ဘို့ မင်းငါ့ကို ကျော ခိုင်းခဲ့ရော့လား၊ မမျှော်တော့ဘူး ပြီးဆုံးခြင်းနိယာမနဲ့ မင်းလဲမင်း ငါလဲငါ အသက်တမျှဆိုတဲ့ တချိန် ကစကား တွေပုတ်သိုးမယ်နေ့ အဲဒီနေ့မှာ မင်းနဲ့မက်ခဲ့တဲ့အိပ်မက်သေတွေနဲ့ ငါ့ဘ၀ကိုငါပြန်စမယ် ။

Friday, November 30, 2012

စုန်းမြူးည

ခရမ်းရင့်လွန်စက်ဝန်းမှာ ကပ်ညိနေမိတဲ့ဟောဒီ ညက
တမ်းငြီးသံတွေတပွေ့တပိုက်နဲ့ တိုးတိတ်စွာလောင်ကြွမ်းနေဆဲ
အိပ်မက်မဖြစ်ခဲ့တဲ့ဘ၀ရဲ့ ဆင်းရဲမှုကိုက
အနုပညာဆန်နေရော့လား
တစ်နဲ့တစ်ပေါင်းလို့မှ တစ်မဖြစ်ခဲ့တော့လဲ
လင်းရိပ်ခြွေ အိပ်မက်ရိပ်မြုံသစ္စာတို့ ပျက်ပြယ်ခဲ့ရပြီပဲ 
ဟိုးအဝေးမှာ ကျကျန်ခဲ့တဲ့ရွှေအိုရောင်စွန်းသင်္ကေတတွေနဲ့
နာကျင်နေတဲ့ နေ့ ညတွေကလွဲရင်
ဦးတည်ရာမဲ့ ခြေလှမ်းတွေနဲ့ လေးလံနေရမှတော့
ကောင်မလေးရေ.............
နင်လဲမေ့ပတ်လိုက်ရုံ
ငါလဲ ကိုယ့်ရင်ခုန်သံကိုယ်ပြန်ဝှက်ကွယ်ထားလိုက်ရုံ၊
ရင်မောတယ်
အဆင်မပြေတိုင်းကိုယ်ရင်ကိုယ်ပြန်ဖိရဖန်များတော့လဲ
လက်ဖ၀ါးကြမ်ြး ကမ်းမှာ သွေခြည်ဥတည်ခဲ့၊
ကောင်မလေးရေ
မင်းကငါ့အတွက် ရေထဲကလရိပ်လို
ငါက ရိုးသားမှုကလွဲရင်ဘာအစာမှမတပ်ပဲမျှားခဲ့သူ
လောကကိုက
မာယာမသုံးရင်အရာမသွင်းချင်ဘူးထင်ရဲ့ ၊
ဒီည
အိပ်မက်တို့ခမ်းခြောက်နေတဲ့အခန်းကျဉ်းလေးထဲ
အတိတ်အကျိုးအကြေဗလပွနဲ့
ညဥ့်ငှက်တို့အိပ်တန်းလန့်နေပုံ။

ပုံပြင်

          ဒီနေ့တော့ကျွန်တော်ကြားဘူးတဲ့ပုံပြင်လေးတစ်ပုဒ်လောက်ပြောဘို့စိတ်ကူးမိပါတယ်၊ ခက်တာက ကျွန်တော်ကပုံပြင်ပြောဝါသနာမပါတော့ ပုံပြောတစ်ခါမှအလေ့အကျင့်မရှိဘူး၊ တစ်ခါတစ်လေ ကလေးတွေ ပုံပြင်ပြောခိုင်းတဲ့အခါ ကျွန်တော်မှာ အခက်အခဲတွေရပါတယ်အဲဒီတော့နောကျေနေတဲ့တစ်ခါလာလဲ ရွှေယုံ နဲ့ရွှေကျား တစ်ခါလာလဲ ရွှေယုံနဲ့ရွှေကျား နဲ့ နောက်တော့ကလေးတွေတောင် ကျွန်တော့်ရဲ့ ပုံပြောစွမ်းရည် ကို  မဲ့မဲ့သွားတော့တာပါပဲ၊ဒါပေမယ့် မနေ့ညက ကျွန်တော်သူငယ်ချင်းတစ်ယောက်က ပြောပြတဲ့ပုံပြင်လေး ကိုတော့ အားလုံးကိုမျှဝေချင်တာနဲ့ကြိုးစားပြီးပြောပြပါ့မယ်၊ အဆင်မပြေရင်လဲ နားလည်မှုနဲ့ဖတ်ရှုပေးစေလို ပါတယ် .အင်း နိဒါန်းပြင်နေတာနဲ့ လိုရင်း မရောက်ပဲဖြစ်နေမှာ စိုးလို့ ကြွားချင်တဲ့ကျွန်တော့်အရည်အချင်း   တွေကိုခဏအောင့်ထားပြီး စပြောပါပြီခင်ဗျာ။

ဟိုတစ်ခါက နတ်ပြည်မှာ သူငယ်ချင်းနတ်သားနှစ်ယောက်ရှိတယ်ဆိုပဲတစ်နေ့သူတို့နှစ်ယောက်တွေတဲ့အခါ
တစ်ယောက်ကိုတစ်ယောက်စကားမပြောနိုင်လောက်အောင်ကို ၀မ်းနည်းပူဆွေးနေကြတယ်၊ ဒါနဲ့ နတ်သား တစ်ယောက်ကစပြီး သူငယ်ချင်းရာ ငါကမကြာခင် နတ်သက်ကြွေရတော့မှ (နတ်သက်ကြွေတယ်ဆို တာ လူလိုဆိုသေတာကိုပြောတာပါ) နတ်သက်ကြွေတာက သဘာဝမို့ အဲဒီအတွက်ငါထူးပြီးဝမ်းနည်းနေ တာမ ဟုတ်ပါဘူး ငါသေခြင်းတရားကို မကြောက်ပါဘူး ရင်ဆိုင်ရဲပါတယ် ဒါပေမယ့် နောက်ဘ၀ ငါရောက်ရမှာက တိရစ္ဆာန်ဘုံ နောက်ပြီး ဒီဘ၀ ကုသိုလ်အသစ်မရှိတော့လို့ နောက်ဘ၀မှာ ယုတ်ညံ့လွန်းတဲ့
တိရစ္ဆာန်ဖြစ် ရမယ့်အပြင် သားစိမ်းစားရမယ့် ကျေးငှက်ဖြစ်ရဦးမယ် အကုသိုလ်ပေါ်အကုသိုလ်ဆင့်ပြီး အသက်မွေးရ မှာဆိုတော့ ဒီလို မြင့်မတ်တဲ့ နတ်သားဘ၀ကို ဘယ်လိုလုပ်ပြန်ရောက်နိုင်တော့မလဲ ငါ့အဖြစ်ကို မင်းသာ စဉ်းစားကြည့်တော့ကွာ လို့အချိန်ရှိတုန်း ကောင်းမှုမပြုခဲ့လို့နောင်တရနေတဲ့အသံလေးနဲ့  ပြောပြရှာ တယ်။ ဒါနဲ့ နောက်နတ်သားတစ်ယောက်ကလဲ သူငယ်ချင်းရာ မင်းအဖြစ်က ငါ့အဖြစ်နဲ့စာရင် တော်ပါသေးတယ် ငါ့အဖြစ်ကမှ မင်းထက်ပိုဆိုတာကွ အခုငါလဲမကြာခင်နတ်သက်ကြွေရတော့မယ် မင်းလိုပဲ နောက်ဘ၀မှာ တိရစ္ဆာန် ဖြစ်ရမှာ မင်းကမှတော်သေး ငါကသူများမစင်ပုံကိုမှီပြီးအသက်မွေးဝမ်းကြောင်းပြီးအသက်ရှင်ရ မယ့်  လောက်ကောင်လေးဖြစ်ရမှာ ငါ့အကြောင်းငါပြန်တွေးမိတိုင်း ငါအရမ်းနောင်တရမိတယ်၊ ဘ၀ကို လွယ်လွယ်ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းခဲ့တဲ့အကျိုးဆက်က တိရစ္ဆာန်၊ ဒါနဲ့သူငယ်ချင်းနှစ်ယောက် ခဏငြိမ်း သွားကြတယ် ပြီးမှ လောက်ကောင်ဖြစ်မယ့် နတ်သားက သူငယ်ချင်းရာ မင်းက ကျေးဖြစ်မှာဆိုတော့ ငါ့ ထက် ဘ၀ မြင့်ပါတယ် ငါကလောက်ဘ၀နဲ့ဆိုတော့ ဘယ်လိုမှလက်မခံနိုင်ဘူးကွာ ဒါကြောင့် ငါတို့ နောက် ဘ၀ ကူးသွားပြီးရင် ငါ့ကို ကူညီဘို့ ဂတိတစ်ခုလောက်တော့ပေးပါကွာ လို့ပြောရှာတယ် ဒါနဲ့ ကျေးဖြစ်မယ့် နတ်သားကလဲ ကဲပါကွာ ငါဘာကူရမလဲသာပြောပါ ကူညီနိုင်တာဆိုဘာမဆိုကူညီပါ့မယ် ငါလဲကုသိုလ်ရ တာပေါ့  လို့ပြန်ပြီးပြောရှာတယ် သူငယ်ချင်းတွေကိုး မင်းကူညီရမှာက ကုသိုလ်ရမယ့် ကူညီခြင်း မျိုး  တော့မဟုတ်ဘူးမောင် အကုသိုလ်ဖြစ်မယ့် ကူညီခြင်းမျိုး ဒါနဲ့ ကျေးကန်းဖြစ်မယ့်နတ်သားက ဟ.. ငါက ကူညီရင်ကုသိုလ်ရတာပဲကြားဘူးပါတယ် အခု ကူညီရင်အကုသိုလ်ရဦးမယ်ဆိုတော့အဆန်းပါလား ဘယ်လိုကူညီခြင်းမျိုးလဲဆိုတာလဲရှင်းရှင်းပြောလေကွာလို့မေးတော့ တစ်ခြားတော့မဟုတ်ဘူး သူငယ်ချင်း နောက်ဘ၀ ငါလောက်ဖြစ်တဲ့အခါ မင်းရဲ့ နှုတ်သီးထက်ထက်နဲ့ ငါ့ကိုလာပေါက်သတ်ပေးပါ၊ ဒါမှ အီလို ယုတ်ညံ့အောက်ကျတဲ့ဘ၀က လွတ်မှာလို့ပြောတော့ ကျေးကန်းဖြစ်မယ့်နတ်သားက အေးပါသူ ငယ်ချင်းရာ မင်းမို့ငါအကူအညီပေးပါ့မယ် သည့်ပြင်လူဆိုငါကူညီမှာမဟုတ်ဘူး ကုသိုလ်ကုန်လို့ တိရစ္ဆာန်ဖြစ် ရတဲ့အထဲ အကုသိုလ်နဲ့အသက်မွေးရမယ့်အပြင်အကုသိုလ်ဆက်ဖြစ်ရဦးမှာဆိုတော့ မထူး ဇာတ်ခင်းပြီးတော့ပဲ ငါကူညီပါ့မယ် လို့ဂတိပြုလိုက်သတဲ့။ဒီလိုနဲ့ နတ်သားနှစ်ယောက်ဟာ နတ်ပြည် ကနေ နတ်သက်ကြွေပြီး တိရစ္ဆာန် လေးတွေဖြစ်လာကြတယ်၊တစ်နေ့တော့ ကျေးကန်း ဖြစ်လာတဲ့ နတ်သားလေး ဟာ သူ့သူငယ်ချင်းကိုပေးခဲ့တဲ့ ဂတိလေးကိုသတိရပြီး အင်းငါ့သူငယ် ချင်း တစ်ယောက် ဘယ်များရောက်ေ န  ပါလိမ့် ငါ့ဘ၀က ထင်သလောက်လဲမဆိုးသေးပါဘူး အစာရှာစား လိုက်အိပ်တန်းတက်လိုက် လေထဲမှာ ၀ဲပျံလိုက် ဆိုတော့ပျော်စရာတွေတော့အရှိသား ငါ့သူငယ်ချင်းမှာသာ သူများမစင်ပုံမှာ အိုဆက်တွေးနေလဲ မထူးပါဘူး ငါပေထားတဲ့ဂတိအတိုင်း သွားပြီး ဒီလိုယုတ်ညံ့တဲ့လောက်ကောင်ဘ၀ ကနေကယ်ထုတ်ဦးမှ ဆိုပြီး သူငယ်ချင်းလောက်ကောင်လေးဆီ ကိုသွားသတဲ့၊ ဒါနဲ့ ရှာရင်း ရှာ ရင်းနဲ့ နောက်ဆုံးတော့ သူ့သူငယ် ချင်း လောက်ဖြစ်နေတဲ့ နတ်သားကိုတွေပါလေရော တွေ့တွေ့ချင်းပဲ အသံပေးပြီး သူငယ်ချင်းရေ ဒီမှာ ငါရောက်နေပြီ မင်းကိုဒီလိုယုတ်နိမ့်တဲ့လောက်ဘ၀ကနေ ငါကယ်ထုတ်တဲ့အနေနဲ့မင်းကိုငါနှုတ် သီးနဲ့ပေါက်သတ်ပေးတော့မယ်မင်းဘုရားတရားသာအာရုံပြုပေတော့လို့လဲပြောလိုက်ရော လောက်ဖြစ်နေ
တဲ့နတ်သားကသူငယ်ချင်းရာ အရင်တုန်းက လောက်ဘ၀ဆိုတာအရမ်းစိတ်ပျက်စရာကောင်းမှာပဲလို့ငါထင် မိလို့ပြောခဲ့တာပါတကယ်တော့လဲ ငါထင်ခဲ့သလိုမဆိုးပါဘူး၊ ခုကြည့်လေ မင်းမြင်တဲ့အတိုင်းပဲ ငါ့မှာ သားတွေသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ဘယ်လောက်ပျော်စရာကောင်းလဲငါလဲဒီ ဘ၀ကိုခင်တွ ယ်နေ တတ်ပါပြီ ငါ့အတွက်နဲ့ မင်းအကုသိုလ် တွေအဖြစ်မခံပါနဲ့တော့လို့ တောင် ပန်ပြီးသူငယ် ချင်းကျေး ကန်းလေး ကိုပြန်လွှတ် လိုက်သတဲ့၊ဒါနဲ့ ကျေးကန်းလေးဟာ ဒါဆိုလဲကောင်းပါပြီကွာ ဘ၀ဆိုတာကိုငါ သဘောပေါက်သွားပြီးလို့ပြောပြီး နှုတ်ဆက်ပန်သွားလေသတဲ့။ 
ဒီပုံပြင်လေးကိုဖတ်ပြီး တချို့လူတွေဘာကြောင့်ဆင်းရဲနေကြရတာလဲ တချို့ဘာကြောင့် မအောင်မြင်တဲ့ဘ
ဝမှာပဲ ရပ်တည်နိုင်နေကြတာလဲ................................ စသည်ဖြင့် စာဖတ်သူများ တွေးဆနိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။
  သတ္တ၀ါအပေါင်း ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းနိုင်ကြပါစေ။

Tuesday, November 27, 2012

သင့်မှာစာဖတ်ဘို့အချိန်ရှိပါသလား

          တစ်ဘ၀တာ ပျော်ရွှင် ပြည့်စုံစွာ ရှင်သန်ရပ်တည်ရေးအတွက် ကျွန်တော်တို့ နေ့ပေါင်း ရက်ပေါင်း များစွာကို ဖြတ်သန်းရပါတယ်၊ နေ့တစ်နေ့ဆိုတာ ဘ၀ရဲ့သေးငယ်တဲ့အစိတ်အပိုင်းဖြစ်သလို ကြီးကျယ်
ခမ်းနားတဲ့ အစိတ်အပိုင်းလဲဖြစ်နိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်မှုလေး
တွေက တစ်ဘ၀တာကိုပြောင်းလဲသွားစေနိုင်စွမ်းရှိလို့ပါပဲ၊ ပြောကြပါတယ် တစ်ရက်တည်းအသက်ရှင်နေ
ရမှာမဟုတ်ဘူးတဲ့ ဒါဆို ကျွန်တော်တို့ အဲဒီတစ်ရက်ကို အလကားဖြုန်းတီးပစ်ရမှာလား၊ တစ်ချို့ကျတော့
တစ်ဘ၀တာပျော်ရွှင်မှုကို တစ်ရက်တာတည်းနဲ့အသုံးပြုလိုက်ကြတယ်၊ တစ်ချို့ကတော့ တစ်ဘ၀တာ ပြီး
ပြည့်စုံမှုကို တစ်ရက်တာတည်းနဲ့တည်ဆောက်ခဲ့ကြတယ်၊ တစ်ချို့ကျပြန်တော့ တစ်ဘ၀တာပျော်ရွှင်မှုမျိုး
ကို ရလာတဲ့တစ်နေ့ပေါင်းများစွားနဲ့ အသိ သတိဆင်ခြင်ပြီးတည်ဆောက်ကြတယ်၊ ဘယ်လိုတည်ဆောက်
ထားတဲ့ပျော်ရွှင်ပြည့်စုံမှုက အဓိပ္ပါယ်ပြည့်ဝသလဲ ဒါကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ အောင်မြင်မှု၊ကျ
ရှုံးမှု၊ ပျော်ရွှင်မှု ၀မ်းနည်းမှု တွေနဲ့ပြန်ပြီးနှိုင်းယှဉ်ပြီး တွေးဆကြည့်သင့်ပါတယ်။ ဒါကြောင့် ရှေးပညာရှိ၊ လူ
ကြီးသူမတွေပြောခဲ့တဲ့ တစ်ရက်ပျော်ချင် အရက်သောက် တစ်လပျော်ချင်ရင် မိန်းမယူ (အိမ်ထောင်ပြု) တစ်သက်ပျော်ချင်ရင် သစ်ပင်စိုက်ဆိုတဲ့ ပြောစမှတ်စကားလေးကို အတုယူ လိုက်နာချင်စရာဖြစ်နေဆဲပါ၊
ဝမှာသာယာငြိမ်းချမ်းစွာဖြတ်သန်းရှင်သန်လိုသူတစ်ယောက်အနေနဲ့သင်္ခန်းစာတွေရရှိဘို့ မဖြစ်မနေလေ့ လာရမည့်အရာတွေကလဲဒုနဲ့ဒေးပါပဲ၊ပြီပြည့်စုံတဲ့ဘ၀နဲ့သာယာစွာအသက်(၇၀)လောက်ရှင်သန်ရဘို့ဆိုအနှစ် (၃၀၀)လောက်အသက်ရှင်ရပ်တည်ပြီးအခက်အခဲတွေ၊အကြပ်အတည်းတွေ လောကဓမ်တရားတွေတွေ့ကြုံ
ဘို့လိုအပ်ပါလိမ့်မယ်ဒါတောင်မှပြီပြည့်စုံတဲ့ပညာဗဟုသုတတွေရှိနိုင်ပြီလို့တော့လှေနံဓားထစ်မပြောနိုင်သေး
ပါဘူး၊လူတိုင်းပြောဆိုနေကြတဲ့စကားပုံလေးလိုအဒီလောက်များလှတဲ့ဗဟုသုတတွေရရှိဘို့နည်းလမ်းဆိုတာ
ရှိနေစမြဲပါပဲ၊အဲဒါကတော့စာဖတ်ခြင်းနည်းလမ်းပဲလို့ကျွှန်တော်ထင်ပါရဲ့၊စာဖတ်ခြင်းကြောင့်ကျွှန်တော်တို့လို
ချင်သလိုဘ၀ကိုပြုပြင်ဖန်တီးလို့ရနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့စာဖတ်ခြင်းဆိုတဲ့စကားလုံးလေးဟာ အင်္ဂလိပ်လိုREADINGဆိုတဲ့စွမ်းအားပြည့်အနက်ရသတွေစုစည်းထားတဲ့အနှစ်ချုပ်စကားလုံးလေးတွေကနေ
ဆင်းသက်လာတဲ့ဝေါဟာရဖြစ်နေလို့ပါ
R-rationalism=အကြိုးအကြောင်းထောက်ဆယုံကြည်မှု
E-expectancy or effort=မျှော်လင့်ချက်၊အားထုတ်လုပ်ဆောင်မှု
A-acquaintance=သတင်းအချက်အလက် ပတ်ဝန်းကျင် ဗဟုသုတ
D-delicacy=နုညံ့သိမ်မွေ့မှု
I-invention=တီထွင်မှု
N-noble= မြင့်မြတ်မှု
G-gallantry or glory= ရဲရင့်မှု နဲ့ဂုဏ်ဒြပ်
ဒါကြောင့်မို့ ပညာဗဟုသုတတွေရှိဘို့ လောကဓမ်တရားတွေရင်ဆိုင်နိုင်ဘို့ ပြီးပြည့်စုံတဲ့ဘ၀နဲ့
ရှင်သန်ရပ်တည်နိုင်ဘို့ ကျွှန်တော်တို့အနေနဲ့စာဖတ်ဖို့အချိန်သတ်မှတ်သင့်တယ်လို့ ကျွှန်တော်
ယူဆပါတယ်၊ သင့်အနေနဲ့အဲဒီနည်းလမ်းတွေနဲ့ဘ၀ကိုဖြတ်သန်းမည်ဆိုလျှင်.သာယာငြိမ်းချမ်စွာ
ပြီးပြည့်စုံပြီးစံပြဘ၀ပိုင်ရှင်အဖြစ်နဲ့


DO YOU HAVE THE TIME FOR READING
Just as there are a lot of lessons to learn must study everything as for a man who wishes
to live serenely in life. To live with quality of life a bout seventy years he is in need of existing
and being up against problems, difficulties and ups and downs a bout three hundred years.
But it is not sure whether he can get enough knowledge and lessons or not in life. Everybody
just as says "that there is will there is a ways" we may discover ways and means .It is only
reading I think. Reading we can become we are for reading word come from an abbreviation
that seven words R E A D I N G; R which mean rationalism, E which mean expectancy or effort
A which mean acquaintance, D which mean delicacy, I which mean invention N which mean
noble G which mean gallantry or glory. So, I think that we should limit out time to read some
book in order to obtain so many knowledge and confront with ups and downs.If we were to
go by such this ways we were one who is ideal and perfect serenely in life.

        


Monday, November 26, 2012

ချိန်းတွေ့တဲ့ညနေ

အချစ်က
အချစ်ကြောင့်လှရက်လွန်းတယ်
အင်းလျားရေပြင် ခုံတန်းလေးများ
သက်ရှိလို ရင်ခုန်လို့၊
အချစ်က
နားလည်တတ်လွန်းလို့မွှေးတယ်
အနီးနားက ပန်းလေးများတောင်
အံ့သြစိတ်နဲ့ဆွံ့အသွားသလို
အချစ်ကိုငေးကြည့်ကြတယ်၊
အချစ်က
ခွင့်လွှတ်တတ်လွန်းတော့ ပိုမြတ်နိုးမိတယ်
ရေ မြေ စင်္ကြာဝဠာ
အရာအားလုံးထက် အချစ်က ပိုတည်ငြိမ်လွန်းတယ်၊
အချစ်က
အချစ်ကိုသံယောဇဉ်နဲ့ဖွဲ့တယ်
ကဗျာ အလင်္ကာ ဂီတ
အနုပညာစီးချောင်းလေးအတိုင်း အခိုင်အမာ၊
အချစ်က
မေတ္တာတရားတွေနဲ့အရာရာကိုငြိမ်းစေနိုင်တယ်
ဘ၀အမော သောက ကျွန်းမျောများ
အချစ်ရဲ့မေတ္တာရိပ်မှာလွင့်ပြယ်၊
အချစ်က
သစ္စာတရားနဲ့ခိုင်ကြည်စေတယ်
အခက်အခဲ အကြပ်အတည်းများ
ကစားစရာပမာ၊
အချစ်က
ရင့်ကျက်မှုနဲ့ အိပ်မက်တွေကိုထောက်ခံပေးတယ်
မနက်ဖြန်များစွား
ယုံကြည်ရာစမ်းချောင်းလေးတလျောက်အစုံအဆန်၊
အချစ်က
အချစ်လို့နာမည်တပ်တဲ့အခါ
ကြည်နူးရိပ်နဲ့ကောင်းကင်ကိုလင်းစေတယ်
အချစ်က
အချစ်အကြောင်းပြောရင်
မြတ်နိုးခုံမင်စိတ်နဲ့ လောက ကိုမေ့မေ့သွားတယ်။

Wednesday, November 21, 2012

တစ်ကိုယ်တည်းရန်ဖြစ်မိတဲ့နေ့



                 ခုတစ်လော ပြဿနာတွေက ဘယ်ကနေ ဘယ်လို စည်ဒိုအပေါက်ရှာရောက်ရောက်လာမှန်းကို မသိဘူးစိတ်ညစ်စရာ တွေချည်းပဲကြုံကိုကြုံနိုင်လွန်းပါရဲ့ဘ၀ကိုကဒုက္ခနဲ့လည်ပင်းဖတ်ကြီးပြင်းလာရော့လား
မသိ၊ သူမ မသိပါစေနဲ့ငါ့ရင်ထဲက သောကတွေစီးဆင်းနေတဲ့ညနေလေးများအကြောင်း ညတစ် ညထဲ က အလွမ်းနဲ့ပိတောက်တွေညှိုးသေသွားတဲ့အကြောင်း ခေါင်းလောင်းသံမလွင်တော့ တဲ့ စေတီရင်ပြင်တော်ပေါ် က ငြိမ်းအေးမှုတွေအကြောင်း မျက်ရည်အပြည့်နဲ့လေးလံနေတဲ့ တိမ်ပြာပြာနေ့တွေအကြောင်းဘယ်သူမှ နားလည်မပေးခဲ့တဲ့ကြွေကွဲဖွယ်ခံစားချက်တွေအကြောင်း အထိတ်တလန့်လွှတ်ချလိုက်မိသော သက်ပြင်းေ မာတွေ အကြောင်း လက်မဆန့်ခင် လွတ်ထွက်သွားသော ဆန္ဒတွေကြောင်း၊ မနက်ဖြန် ဆိုတာ ရှိနေသေး သရွေ့ ဘယ်လိုမှပြန်မဆုံနိုင်တော့တဲ့ လမ်းခွဲမှုတွေကိုငါ တမ်းတနေရဦးမယ် နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို အလွမ်းနဲ့ ပြန်ညှို့ရဦးမယ်အိပ်မက်အကျိုးအကြေတစ်ခွက်နဲ့ ညကိုရီဝေေ၀ကြည့်ေ နရဦး မယ် ပြန်မစိမ်း လန်း နိုင်တော့တဲ့ မိုးခေါင်ရေရှားဒေသနဲ့ အိမ်မက်တွေပျိုးကျဲနေရဦးမယ် ဘယ်တော့မှမလင်းတော့တဲ့ မီးအိမ်နဲ့လမ်းက မျှော်ကြည့်နေရဦးမယ်အဲဒီလိုဖြစ်လာစေတာကိုကပဲငါ့ကံတရားလား၊ ကောင်စုတ်မလေးရေ-  နင့်အမုန်းတွေစိတ်ရှိလက်ရှိရွာသွန်းလိုက်စမ်းပါနင့်အချစ်နဲ့မျောပါခွင့်မရရင်တောင်နင့်အမုန်းချော်ရည်မြစ်လေး
တစ်လျှောက် ငါစိတ်ရှိလက်ရှိမျောပါခွင့်ရ ရင်ကျေနပ်ပါရဲ့၊မုန်းတော်မူလိုက မုန်းလိုက်ပါ ငါ့ဘ၀တစ်ခုလုံး မွန်းမွန်း နစ်သွားအောင် -- အဲဒါငါ့ရဲ့သစ္စာတရားနှင့်ဖွဲ့ထားတဲ့ ချစ်ခြင်းတရားပေါ့ ချစ်သူ။

လေမြူးနဲ့ရူးနေတဲ့တိမ်



သူမက ညနေခင်းအလင်းဝတ်ရုံနဲ့အမြဲလာနေကျ
အဲဒီအချိန်
ဘယ်လိုစကားလုံးတွေနဲ့ဆည်းဆာကိုနှုတ်ဆက်ရပါ့
ငါက ဗန်ဂိုးမဟုတ်သလိုရိုလင်ဗတ်လဲမဖြစ်ခဲ့တော့
အစရှာရင်းဆွံ့အသွားတတ်တဲ့ရောဂါနဲ့
ဘ၀က
ခုမှ နုပျိုမှုကိုခံစားတတ်လာခဲ့တယ်၊
ကိုင်းဖျားမှာမေးတင်နေတဲ့လရိပ်လို
ကိုယ့်ကံတရားရဲ့တည်ငြိမ်မှုက မင်းနှုတ်ခမ်းထက်မှာငြိတွယ်၊
တကယ်တမ်းကျတော့
ဟောဒီစာသင်ခန်းလေးထဲကတိုက်ဆိုင်မှုက
မျောနေတဲ့မြစ်တွေလိုပဲလား
ဖမ်းဆုတ်မရခဲ့တဲ့မင်းအထိအတွေ့ကိုလွမ်းတယ်၊
အခြေမဲ့အနေမဲ့နဲ့
မနက်ဖြန်ဇာတ်အိမ်ဖွဲ့မှုနရီနဲ့ရစ်သမ်တွေတမ်းညှိဘို့အတွက်
ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းနွေးနွေးပေးနေရတာမောတယ်၊
ဥာဏ်ထိုင်းတယ်လို့ကြထင်မလား
သဘာဝတရားဖေးမမှုနဲ့ပြန်လှည့်လှည့်လာတဲ့သူမစိတ်နဲ့
ဟိတ်ကြီးဟန်ကြီး
ကိုယ်ကတစ်လောကလုံးကိုအုံ့အုံ့ပြီးကြည့်တတ်နေမိပေါ့၊
လှည်းတန်းလမ်းမ
မီးပွိုင့်ရှေ့မှာကျကျန်ခဲ့တဲ့အိပ်မက်စိမ်းတောတန်းလေးများ
အကျိုးအကျေဘ၀နဲ့ဖြစ်ဖြစ်
မင်းကိုင်နေကျဖိုင်တွဲလေးထဲခိုနားဝင်ချင်ခဲ့ရဲ့၊
ငါမသိသေးတဲ့ငါ့အနာဂတ်မှာ
တစ်နေ့ကျ
မနော်ဟရီရဲ့ပန်းလှေလမ်းခွဲကဗျာကိုဆက်ရေးသူဟာငါဖြစ်မည်လား
အတွေးမှာ
ဘာကောက်ကြောင်းမှချိတ်မနေတာပဲကောင်းမယ်၊
ဒီနေ့
ကဗျာတွေလေနေတယ်
စကားလုံးတွေသေနေတယ်
စိတ်ပျက်လက်ပျက်
ငါ့ကိုယ်ငါပြန်ကြည့်တဲ့အကြည့်မှ
လေမြူးနဲ့ရူးနေတဲ့တိမ်တွေပဲမြင်တယ်
အဲဒီတိမ်တွေထဲမှာ-----------------။

Monday, November 19, 2012

သူစိမ်း




မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံးသွားတဲ့နိယာမတစ်ခုဖြစ်ခဲ့လျှင်
မင်းလည်းမင်းညကိုဆက်ချော့မြှူရံ
ငါလည်းငါ့ကံကြမ္မာကိုဆက်လက်ယုံလိုက်ရုံ
လိုအပ်နေတာတွေအဝေးကိုထွက်ခွါသွားတဲ့အထိ
တိုးတိတ်နေဆဲပင့်သက်တို့နဲ့အတူဆေးဆိုးပန်းရိုက်ပိတ်စတစ်ချပ်လို
မပြုံးပဲပြုံးနေတဲ့မင်းသဘောထားနဲ့ငါ့ကိုဆက်ဆံပါ
မကြည့်ပဲကြည့်နေဆဲငါ့မျက်ဝန်းတွေနဲ့ငါ့ခရီးဦးကြိုဆိုမှုကိုကျောခိုင်းပေးပါ

လမ်းတစ်လမ်းထဲမှာဖြစ်ဖြစ်
ဟိုးတစ်ချိန်ကလိုမျိုး
ငါ့တို့ရဲ့အတိတ်စိမ်းစိမ်းတောအုပ်လေးကိုငဲ့မကြည့်ပဲလှည့်ထွက်သွားပေးပါ
တကယ်ဆို
ကောင်းကင်ကိုပန်ထားတဲ့ပင်လယ်ရဲ့ရူးမိုက်မှုအလှတရားနဲ့
ကမ္ဘာမြေဟာမျက်နှာပျက်ခဲ့ရပြီပဲ
အလွမ်းသီချင်း
ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာဒါပဲလား
အရည်ပျော်သွားရမယ့်ရသစာတမ်းမှာဘယ်လိုသေတမ်းစာနဲ့နိဂုံးသတ်ရမလဲ
ခုတော့
တစ်ခါမှမတွေ့ခဲ့ကြသလိုမျိုး
ဟန်ဆောင်ပန်ဆောင်လှည့်ထွက်လိုက်ရတဲ့ရင်ရဲ့ရှိုက်သံများ
အေးစက်ယောင်ဆောင်လိုက်ရတဲ့သွေးခုန်သံရိုင်းများ
ကိုယ့်လမ်းကိုမျှော်ကြည့်သလိုလိုနဲ့သက္ကရာဇ်တွေပြန်တူးဖေါ်နေတဲ့မရင့်ကျက်မှုများ
မိုးနဲ့ဆေးကျောလို့မရတော့တဲ့လွဲချော်မှုအယဉ်အရိုင်းလေးများ
လယ်ကွင်းတွေလိုနောက်ကောက်ကျကျန်ခဲ့တဲ့မပြီးဆုံးသေးတဲ့ရေးချယ်မှုအတ္တများ
ဘယ်လိုတရားနဲ့ငြိမ်းချမ်းရေးကမ်းလှမ်းရပါ့၊
မပြီးဆုံးသေးတဲ့အရာတွေသာပြီးဆုံးသွားတဲ့နိယာမတစ်ခုဖြစ်ခဲ့လျှင်
မင်းနာမည်နဲ့ငါ့နာမည်
နိမိတ်တစ်ခုတည်းမှာအတူရှိခဲ့ဘူတဲ့အကြောင်းငါမေ့ဟန်ဆောင်လိုက်ပါ့မယ်
အားလုံးပြီးတော့မှ
လူမသိသူမသိ
မင်းစိတ်ကူးနဲ့ငါ့စိတ်ကူးပေါင်းစည်းခဲ့ဘူးတဲ့တစ်လမ်းသွားတံတားလေးတစ်လျှောက်
မင်းကျကျန်ခဲ့တဲ့စကားတွေငါသီကောက်နေတော့မယ့်
ငါပေးခဲ့ဘူးတဲ့မင်းရဲ့အထင်မကြီးတဲ့ဂုဏ်သိက္ခာတွေနဲ့ငါပြန်ပြီးကဗျာဖွဲ့နေလိုက်တော့မယ်
မင်းအလေးမထားခဲ့တဲ့မင်းရနံ့သင်းသင်းလေးတွေကိုပဲ
ကောက်သင်းကောက်သူတစ်ယောက်လိုငါသိမ်းကောက်လိုက်တော့မယ်
လမ်းမှာတွေ့တဲ့အခါ
မင်းနဲ့ငါ-------မဆုံခင်တစ်နေ့ကလိုနေလိုက်တော့မယ်။

ပုံရိပ်အနွေး


အဝေးဆိုသောအဝေးကိုမျှော်ငေးကြည့်ဘို့ကြိုးစားနေချိန်
စိတ်က နောက်ပြန်ပြန်လည်သွားတတ်လွန်းတဲ့ ပျော့ညံ့မှုနဲ့
ခရီးဟာ ထင်သလောက် ခရီးမရောက်ခဲ့၊

နွေ
မိုး
ဆောင်း
ရာသီအ၀န်းအ၀ိုင်းလေးတလျှောက် စုံချည်ဆန်ချည်
ကောင်မလေး
ငါ့ရပ်တည်နေမှုမှာ မင်းအရိပ်ဖြာဆင်းနေဆဲ၊

မတွေးပဲတွေးနေဆဲအငွေ့အသက်တို့
မရှိုက်ဘဲရှိုက်နေမိတဲ့ပင့်သက်တို့
မကြွေဘဲ ကြွေနေဆဲ ငါ့တံစက်မြိတ်ဖြားက နှင်းစက်တို့
မရေးဘဲ အရာထင်နေဆဲ ငါ့ကဗျာအကျိုးအကြေ နေ့စွဲတို့
မိုးလင်းတာတောင်အလင်းပြန်ခွင့်မရခဲ့၊

မင်းပြောတော့အိပ်မက်တဲ့လား
ငါ့မှာတော့ နိုးလျှက်မက်မိတော့ အိပ်စက်ပြီးမေ့ဘို့ကြိုးစားလဲမရ
ဘ၀က မင်းနဲ့တွေ့မှ ကာဖီရောင်ဝတ်ခဲ့ဘူးတာ၊

မှတ်မိသေးလား
တို့မတွေ့ခင်နေ့တွေကဘာတွေမျှော်လင့်ခဲ့ကြလဲ
ဆောင်းညဥ့်ပြန်အဝေးမြို့ လေး
ထိန်းချုပ်မှုမှာလွတ်ထွက်သွားသော အထီးကျန်နာကျင်မှုထဲမှာ စူးနစ်နေဆဲ
ချစ်ရတဲ့ဒုက္ခ
ကောင်မလေးရေ--
မင်းအတွက်ပျော်မယ်ဆို
ငါ--
စတော်ဘယ်ရီတစ်ခွက်လိုပဲမြိန်ရည်ရှက်ရည်သောက်လိုက်မယ်၊

အိပ်စက်ပါရစေတော့
မောခဲရတဲ့နာရီတွေလဲ ညဥ့်နက်လှပြီ။

Tuesday, November 13, 2012

ဘူတာအမှတ်နှစ်ဆယ့်ခြောက်အလွန်



လမ်းကကြမ်းတယ်
အလင်းရောင်မလုံလောက်သောနေ့ထဲ
စိတ်နုနုဝတ်ရုံလေးနဲ့ဘ၀ကမလှပဘူး၊
ဘာလိုလို
ခရီးရဲ့သုံးချိုးတစ်ချိုးအကျော်လေးတောင်ရောက်ခဲ့ပေါ့
ကျေးဇူးပါမေမေ
ခိုင်ကြည်မှုတွေယိုင်လဲသွားတဲ့အချိန်တိုင်း
အနုညံ့ဆုံးအရှိန်နဲ့
စိတ်ရှည်ရှည်တွဲထူပေးတတ်တဲ့မေမေ့ပရိုဗီမင်စကားလုံးတွေအတွက်၊
တစ်ခါတစ်ရံ
နှင်းဆီဝါပင့်ကူမလေးနဲ့ဝတ်မှုံကူးချင်တဲ့ဆန္ဒက
ရင်ဘတ်တစ်ခြမ်းအပြည့်ရှင်သန်နေပုံက
အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ပမာ
မေမေရေ
သားသားဘ၀လေးထဲ
မကောင်းမှုဆိုလို့
အတိတ်ကကြေကွဲဖွယ်အဖြစ်တွေအတွက်
ကိုယ့်နှလုံးသားကိုကိုယ်တိုင်ပြန်ဝှက်ကွယ်ထားခဲ့ဘူးတယ်၊
ဒီအချိန်ကျမှ
စိတ်ကိုလေအသင့် ကြုံသလိုကျပန်းလွှင့်ဘို့လဲမကောင်းဘူး
မေမေ
ကျွန်တော်ပြန်ကြည့်မိတဲ့ကျွန်တော့်အကြောင်းပြဇာတ်ထဲမှာ
ကျွန်တော့်ကိုသူမရှာတွေ့ခဲ့အကြောင်း
ကျွန်တော့်အကုသိုလ်နဲ့သူမ တို့တိုးတိုးတိတ်တိတ်ဆွေမျိုးတော်ခဲ့တဲ့အကြောင်း
ကျွန်တော့်ကိုကျွန်တောမကြော်ငြာတတ်ခဲ့တဲ့အကြောင်း
သူငယ်ချင်းတွေနဲ့ရယ်ပွဲဖွဲ့စိတ်လှည့်ပညာတွေအကြောင်း
ကိုယ်တစ်ခြမ်းပျောက်နေတဲ့
အင်းလျားကန်ဘောင်ပေါ်ကခုံတန်းလေးတွေအကြောင်း
မမွေးသေးတဲ့အနာဂတ်အတွက်
နေ့စဉ်ရငွေပေးငွေရှင်းတန်းများနဲ့
ပစ္စုပ္ပန်ဟာဘောင်ဘင်ခက်နေတဲ့အကြောင်း
ကျေးဇူးပြုပြီးဘယ်သူ့ကိုမှဖွင့်မဘဲထားခွင့်ပြုပါ၊
ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ပြီးငြင်းပယ်မိတဲ့အခါ
ဘယ်သူမှမကျေမနပ်မဖြစ်လိုက်ကြပါနဲ့
လူပီသခွင့်
ဘူတာအမှတ်နှစ်ဆယ့်ရှစ်အထွက်မှရဲတည်ဘို့
တစ်ခါတစ်ရံဘဲဖြစ်ဖြစ်
အတ္တကိုသံလမ်းအဖြစ်သုံးခွင့်ပြုပါ။

ဆေးစပ်မညီတဲ့နွေ


ငါကပဲမှောင်နေတာလားလမ်းကပဲအထိန်းအကွပ်မဲ့နေတာလားရှေ့တစ်လှမ်းလျှောက်ဘို့နောက်ကိုအကြိမ်ကြိမ်ပြန်ကျော့နေ တာမောတယ်၊ဆုံးဖြတ်ချက်တွေအလေအလွင့်များလွန်းတော့နုပျိုမှုကအကျည်းတန်ပြီးရင်းတန်ရင်းဒီအရွယ်ကျမှကိုယ့်စိတ်
ကိုပြန်ဆုံးမနေရတာလဲအခက်သား၊မေမေရေ........စိတ်လိုလာဘ်မရကိုယ့်ကိုကိုယ်ပြန်အနီကဒ်ပြရမယ့်ဒီကစားကွင်ထဲဂိုး မိုးခေါင်နေတဲ့ကန်ချက်တွေနဲ့ဟောဒီနံပါတ်ကိုးဂဏန်းဟာသဟဇာတမဖြစ်တော့၊သင်္ခါရအဲဒီတရားနဲ့မထိုက်တန်သေးတဲ့အ
လိမ္မာလေးပါလျှပ်စီးပျက်သလိုလောကဓမ်နဲ့ဆက်ဆံရေးကရိုးပြီးရင်းရင့်ရင့်လာတယ်မြေနီလမ်းကလေးတစ်လျှောက် အ၀ါရောင်အဝေးမြို့ရယ်သံလွင်လွင်လေးပြန်မလာတော့တဲ့ငါ့အိမ်ရှေ့ပြတင်းတံခါးရွက်လေးအနားမှာရထားတစ်စင်းဖြတ်ဖြတ်
သွားတိုင်းမျက်တောင်ခက်ရင်ငေးရတာလဲလွမ်းဘို့ကောင့်ရဲ့၊ဘ၀ဆိုတာအိပ်မက်တွေအလေ့ကျပေါက်ရာခင်တန်းလေးမဟုတ်ဘူး တနှစ်ကတိုက်ဆိုင်မှုလေးတွေပြန်စိမ်းလာဦးမည်လားလွဲချော်တတ်လွန်းတော့လဲမသေချာမှုကိုကငါ့အတွက်သေချာတဲ့အဖြေအနု
ပညာဆန်ဆန်ရှင်သန်ရမှာလားအရင့်ပညာဆန်ဆန်ရှင်သန်ရမှာလားသေချာပြီဘ၀ဟာမိုးခေါင်ဒေသကပန်းချီကားတစ်ချပ်။
မြတ်ငြိမ်း။

မူယာ




သူမနာအမည်ကမီးငယ်
သူမ၀တ်နေကျအရောင်ကအ၀ါဖျော့ဖျော
့ပိတောက်တွေအလေ့ကျပေါက်ရာ
စကားတောင်းစားအရပ်မှာသူမနေတယ်၊
သူမရဲ့အမှန်ဆုံးဖြောင့်ချက်တွေက
Internet onlineပေါ်မှာဖရိုဖရဲ
သူမရဲ့အကျင့်က
ဘာသာစကားကိုမျက်ဝန်းနဲ့ပြောတတ်ပြီး
သူမနှလုံးသားမှာ
တိဗက်ဆောင်းရာသီကိုအမြဲဝတ်ဆင်တတ်တယ်၊
သူမရဲ့ဝါသနာက
အရောင်တွေရဲ့ယဉ်ကျေးမှုမှာစီးဆင်းတယ်၊
သူမက
လရိပ်ငင်သူရဲ့မွတ်သိပ်မှုနဲ့
နေ့စဉ်အာဟာရဖြည့်တယ်၊
အဲဒီကောင်မလေးရှေ့မှာ
ကျွန်တော့်ကိုယ်ကျွန်တော်
ဗိုလ်အောင်ဒင်လိုပုံရိပ်ကူးပြခဲ့တယ်
အေးခဲနေသောသွေးကြောတွေထဲ
သူမနာမည်ရွတ်ရင်းအနွေးဓာတ်စီးဆင်းစေခဲ့တယ်
ဘတ်ဂီယာမပါတဲ့ခြေလှမ်းတွေနဲ့
ဆေးစပ်မညီတဲ့နေ့တွေကိုအနားသတ်ဘို့
အိပ်မက်တွေကြိုက်ဈေးခေါ်ခဲ့ဘူးတယ်
သူမရှေ့မှာ
အုံ့ဆိုင်းနေတဲ့မိုးတိမ်တွေလို
ကျွန်တော့်ကိုယ်ကျွန်တော်သိမ်မွေ့ကြည့်ခဲ့ဘူးတယ်
ခုတော့----
ပြန်နှုတ်မရတော့တဲ့နယ်ကျွံစိတ်ရိုင်းတွေနဲ့
အိပ်မက်တွေပြန်မစိမ်းတော့တဲ့
ထမင်းသိုးဟင်းသိုးညတွေနဲ့
ငါ့ကိုယ်ငါ
လမ်ပေါ်ကလူလိုပြန်ပြုံးပြလိုက်ရတယ်
ကောင်မလေးရေ
ငါက အအပါ
ချစ်ဘို့ကလွဲလို့။

နောက်ပြန်လည်လည်သွားတဲ့နေ့


                   သတိရနေဆဲလား၊အတတ်ဆိုတာအတိတ်မှာကျန်ခဲ့မယ်ဆိုလျှင်ကျွန်တော်နဲ့သူမခုလောက်ဆို
သူစိမ်းတွေလိုပြန်ဖြစ်သွားမည်ပေါ့၊ခုတော့စောင့်နေကျကားမှတ်တိုင်လေးမှာတိတ်တိတ်လေးစောင့်နေမိဆဲ
ဘ၀ဆိုတာတစ်ခါပဲချစ်ခွင့်ရှိသလားပြောင်းလဲခွင့်မရှိတော့ဘူးလားသေချာမှုလေးတွေပျောက်ဆုံးနေတဲ့
မိုးခေါင်ရေရှားဒေသတစ်ခုလိုကံတရားမှာအချစ်တို့ပြန်လည်စိမ်းလန်းခွင့်မရှိတော့ဘူးလား၊အရာရာအားလုံး
ဟာမမြဲဘူး၊သဘောတရားတစ်ခုတည်းနဲ့တော့ကိုယ့်လိုအစွဲအလန်းကြီးသူတစ်ယောက်ကိုနှစ်သိမ့်ပေးနိုင်
လိမ့်မည်မထင၊်ဟိုးအရင်ကျောင်းတက်နေတဲ့မင်းပုံရိပ်လေးကိုသတိရတယ်၊ခပ်လွင်လွင်ရယ်တတ်တဲ့မင်း
အမူအရာလေးကိုလွမ်းတယ်၊မထေ့တထေ့စိတ်ကောက်တတ်တဲ့မင်းနှုတ်ခမ်းလေးကိုချစ်တယ်၊ ဘာများ
ကျန်သေးလဲ၊မင်းထွက်သွားတော့ငါ့ရင်ထဲ-ဟင်းလင်းပြင်မွန်းကြပ်မှုတွေထုနဲ့ထည်နဲ့။တစ်ချိန်ကမင်းပြောခဲ့ တယ်၊ငါကဆော့ခရတ္တိဖြစ်တယ်၊ပြီးမာသာထရီဇာလည်းဖြစ်တယ်၊ပြီးတော့မင်းရဲ့လမင်းကြီးလဲဖြစ်တယ်တဲ့၊
အခုရောကိုယ်ဘာဖြစ်နေသေးလဲ၊ချစ်သူရေ-ဘ၀မှာမင်းအချစ်မိုးလေးတစ်ပေါက်နှစ်ပေါက်ရွာရုံနဲ့ ကိုယ့်ဘ၀ ကတာကျိုးခဲ့ရပြီ၊မင်းထွက်သွားတဲ့အရပ်မှာငါမျက်နှာမူနေဆဲ၊မင်းလှည့်မကြည့်ပါနဲ့မင်းကျောပေးထားတဲ့အရပ်
မှာငါစိတ်လွတ်လက်လွတ်မင်းစိတ်နဲ့လောင်ကြွမ်းနေပါစေ၊ ကောင်စုတ်မလေးရေဘာအကြောင်းပြချက်မှမပေး
ပဲငါ့ရင်ထဲမင်းဝင်လာခဲ့တယ်၊ပြီးအကြောင်းပြချက်တွေတစ်လှေစာနဲ့ငါ့ရင်ကိုနင်ဟင်းလင်းဖွင့်ချန်ထားခဲ့ပြီး
အဝေးထွက်သွားခဲ့၊နင့်အလိုကျဖြစ်တည်နေရမယ့်ဘ၀ဆိုတာငါ့ကံတရားလား၊မိုးတွေဝတ်ကျေတမ်းကျေရွာနေဆဲ၊
ဗွက်ထအောင်လင်းနေတဲ့နံနက်ခင်းတို့ဝတ်ကျေတမ်းကျေငါ့ကိုကြိုနေဆဲ၊စောင့်နေကျကားဂိတ်လေးလည်းဝတ်
ကျေတမ်းကျေငါ့အနားမှာငိုင်နေဆဲ၊မင်းနဲ့အတူတက်ခဲ့တဲ့ကျောင်းလေးလည်းဝတ်ကျေတမ်းကျေစာသံပေသံညံနေ
ဆဲ၊ငါလည်းလွမ်းဖတ်ကျအိပ်မက်အကျိုးအကျေတွေနဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်အာက်မှာစိတ်မဲ့လက်မဲ့လှုပ်ရှားရုန်း
ကန်နေဆဲ၊ပြီးဆုံးခြင်းများရဲ့နောက်ကွယ်မှာမပြီးဆုံးသေးတဲ့အရာတွေသာမင်းတွေ့ခဲ့မယ်ဆိုရင်-------------
ကောင်မလေးရေငါတိုးတိတ်စွာအချစ်အတွက်ရဲတည်နေပါရစေ။

ကတ္တီပါလမ်းခွဲ



တစ်နေ့ကလိုပါပဲ အရာရာပြီးဆုံးသွားတဲ့နောက်တော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ မတွေးချင်တော့
ပါဘူး၊ ဘယ်လိုအကြောင်းပြချက်မှမပါပဲတွေ့ခဲ့ကြတဲ့နောက် အကြောင်းပြချက်တွေပိုးစိုးပက်စက်ဖြန့်ကြဲပြီး ထွက်ခွာသွားကြတယ်၊တွေ့ဆုံကြုံကွဲဓမ္မတာပဲဆိုတာလူတိုင်းလက္ခံထားပေမယ့်ဘယ်သူမှဝေးဘို့ဆုံဆည်းခဲ့ ကြတာမဟုတ်ပါဘူး၊ချန်သွားရက်သူကချန်ထားထွက်ခွာသွားတဲ့အခါကျန်ခဲ့သူကငေးရီငိုင်ကျန်နေရမည်ဆို
တာသူ/သူမသတိမမူမိရော့လား၊ဒါမှမဟုတ်ရည်ရွယ်ချက်တစ်စုံတစ်ရာကြောင့်များထွက်ခွာသွားတာလား၊
ဘာကြောင့်ဝေခဲ့ကြတာလဲ၊ သံယောဇဉ်တရားတွေနဲ့ အပြန်အလှန်ဖွဲ့နှောင်ခဲ့ပြီးမှ ဘယ်လိုချွတ်ချော်မှု
 တွေကြောင့် များပြန်လည်ဝေခဲ့ကြ၊ဝေးဘို့ဆုံးဖြတ်ခဲ့ကြပါလိမ့်၊လူဆိုတာပတ်ဝန်း ကျင်နဲ့အမြဲဆက်နွယ်နေ တတ်တဲ့သတ္တ၀ါတစ်မျိုးဖြစ်လေတော့ တစ်ခါတစ်ရံသံယောဇဉ်တွေမခမ်းခြောက်ခင် ကြားလေသွေး လို့ဝေး ခဲ့ကြ၊တစ်ချို့ကျပြန်တော့တစ်ယောက်ကိုတစ်ယောက်အသက်လောက်ချစ်ခဲ့ကြပေမယ့်သဘောဆန္ဒတွေမ
တိုက်ဆိုင်ဖြစ်လာတဲ့အခါသူ့အလိုကိုယ့်အလိုလွန်ဆွဲရင်းနားလည်မှုလေးတွေပျက်သုန်းပြီးအချစ်တွေသံယော ဇဉ်တွေဟာရှင်လျှက်သေဆုံးသွားတဲ့နောက်မျက်ရည်စက်တွေမိုးလိုရွာသွန်းပြီးလမ်းခွဲသွားကြ၊တစ်ချို့ကြတော့
အသက်မကချစ်ကြနားလည်ကြနဲ့ပျော်ရွှင်ဖွယ်ဘ၀ရသတွေသီဆိုနေလို့ကောင်းတုန်းသိင်္ဂါရသံစဉ်တွေတီးခက် လို့ကောင်းတုန်းငြိမ်းချမ်းမှုတွေနဲ့သူတို့ဘ၀ဟာဇာတ်မြူးနေတုန်းရုတ်တရက်ကံတရားရဲ့ရက်စက်မှုအောက်မှာ
သူတို့ရဲ့ပျော်ရွှင်မှုတွေဟာအရွယ်မတိုင်ခင်ကြွေလွင့်ခဲ့ရ၊အမျိုးမျိုးအဖုံဖုံဘ၀ဇာတ်ခုံပေါ်မှာကျွန်တော်တို့လူ
သားတွေဟာငိုခဲ့ရယ်ခဲ့ပျောခဲ့ဝမ်းနည်းသောကရောက်ခဲ့ကြရတယ်၊တစ်ဘ၀မှာတစ်ခါတော့အနည်းဆုံးဘယ်
သူမဆိုရူးသွပ်ခဲ့ကြမှာပါ၊ကျွန်တော်လည်းရူးသွပ်ခဲ့ဘူးသလိုရူးသွပ်နှေဆဲနောင်လည်းရူးသွပ်နေရဦးမည်ထင်ပါရဲ့၊
ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ချစ်သူခင်သူတွေနဲ့ဝေးရဦးမယ်၊နှလုံးသားက
လက်မခံနိုင်ပေမယ့်ဘယ်သူမှငြင်းဆန်ခွင့်မရှိတဲ့လောကရဲ့စီရင်ချက်နဲ့ကျွန်တော်တို့ရဲ့
မျက်ရည်တွေကိုစတေးရဦးမယ်၊မိန်းမယောက်ျားမြင်ဖန်များသော်သနားချစ်ခင်စိတ်ကျွမ်း
ဝင်ရ်ျကျွန်ပင်တမင့်ဖြစ်လင့်မယွင်းတက်မက်လျှင်း၏လို့မဃဒေ၀ဆရာတော်မိန့်တော်မူတဲ့
အတိုင်းတစ်ယောက်နဲ့တစ်ယောက်ဆုံဆည်းကြပြီးတဲ့နောက်ရင်းနှီးမှုတွေတစတစတိုးတက်
လာပြီးခင်မင်မှုမှသည်သံယောဇဉ်သို့တိုးတက်ပြောင်လဲပြီးတစ်ယေက်နဲ့တစ်ယောက်မေတ္တာ
တရားစီးချောင်းလေးအတိုင်းစီးမျောခဲ့ကြ၊ကြည်နူးခဲ့ကြအိပ်မက်တွေအလှေကြီးနဲ့ဘ၀ကိုထု
ဆစ်ခဲ့ကြ၊ရသမျိုးစုံနဲ့ဘ၀ကိုပုံဖေါ်ခဲ့ကြတယ်၊ဒါပေမယ့်တွေ့ဆုံခြင်းနဲ့နိဂုံးခွဲခွာခြင်းဆိုတဲ့အိပ်မက်
ဆိုးတွေဝင်ရောက်လာတဲ့အခါလူတိုင်းဟာသွေးပျက်မတတ်ထိတ်လန့်ခဲ့တယ်၊ဘယ်လို
အကြောင်းတရားတွေကြောင့်ပဲဝေးခဲ့ဝေးခဲ့သံယောဇဉ်အမျှင်တင်းလေသမျှတော့ပြန်တွေးရင်
အသစ်လိုပြန်လည်ခံစားနေရဦးမှာမှန်မလွဲပါဘူး၊အခုကျွန်တော်ရဲ့တစ်ခန်းရပ်ပြဇာတ်လေးလဲ
ဇာတ်နာနာနဲ့တစ်ခန်းရပ်ခဲ့ပေမယ့်ဘယ်လောက်အတိုင်းအတာအထိဆက်လက်လွမ်းဆွတ်
တသကြေကွဲနေရဦးမလဲ၊မသိနိုင်တော့ပြီးဆုံးခြင်းများရဲ့နောက်ကွယ်မှာမပြီးသေးတဲ့ဝေဒနာ
တွေရှိနေသေးတယ်ဆိုတာ--------သူမနားလည်ပေးခဲ့ရင်၊နောက်တစ်ကြိမ်ပြန်လည်ပေါင်း
ဆည်းဘို့ရူးမိုက်စွာပဲမျှော်လင့်နေပါရစေ၊ဝေးဘို့ချစ်ခဲ့ကြတာမဟုတ်ပေမယ့်ချစ်သူ့အလိုကျ
သူမရှေ့ကနေကွဲကြေသွားတဲ့အိပ်မက်အကျိုးအကြေတွေတပွေ့တစ်ပိုက်နဲ့ထွက်ခွာခဲ့ပါတယ်၊
နေပျော်တဲ့ဘ၀မှာသူမပျော်ရွှင်ပါစေလို့ဆန္ဒပြုရုံကလွဲလို့ရင်နာတေးသွားတစ်ပုဒ်နဲ့ဘ၀ကိုဖြေ
သိမ့်လိုက်ပါတယ်၊သစ်ကိုင်းကြားကျထိုးကျလာတဲ့လရိပ်လိုအပြင်းထန်ဆုံးအရှိန်နဲ့ဆက်လက်
တမ်းတလွမ်းဆွတ်နေဆဲဆိုတာသူမသာသိခဲ့မယ်ဆိုရင်--------------------။
ချစ်သူတိုင်းပေါင်းစည်းကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

ထမင်းသိုးဟင်းသိုး



ကောင်းကင်ဟာ သစ်တစ်ပင်ဖြစ်ခဲ့လျှင်
ညတွေဟာ အရိပ်တွေများလား
ဒါဆို နေ့တွေကိုဘယ်သူအရောင်ဆိုးသလဲ
စိတ်ကိုက
အချဉ်တည်မှအရသာပိုလေးတတ်လေတော့
ငါတို့မှာ လေးပြီးရင်းလင်းလင်းနေရပေါင်းလဲမနည်းတော့။
ပြင်ဦးလွင်မြို့အ၀င်လမ်းမများလို
ဘ၀ဆိုတာကွေ့အကောက်များလွန်းမှလှပရမှာလား
ဧရာဝတီမြစ်ထဲမှာဥသြဆွဲသံတွေရမ်းကားနေဆဲ
ပြည်လမ်းမပေါ်မှာလူတွေညှပ်ပိတ်နေဆဲ
ငါ့အိမ်ရှေ့မှာ
ဆယ့်နှစ်ရာသီကောက်သင်းကောက်သူများ
တိမ်ညိုတွေငင်ပြီးထုဆစ်နေကြတဲ့ပန်းပုသမားများ
ဆည်တွေဖောက်ပြီးကိုယ့်ကိုကိုယ်မြစ်တစ်စင်းအဖြစ်အသွင်ပြောင်းသူများ
နှင်းတွေလိုလွင့်နေတတ်တဲ့အရိပ်များ
ငါ့ကိုငါပြန်ရှာဖွေနေတဲ့ငါ့မြို့ဟောင်းလေးများများ
ငါ့ကျောပြင်ကိုပွတ်သပ်နေတဲ့မိခင်ရဲ့အကြင်နာတရားများများ
ငါ့ကိုညှို့ငင်နေတတ်တဲ့ရွှေအိုရောင်ဆောင်းရာသီထဲကအပြုံးလေးများ
ညကိုငါငေးသလိုသူတို့ငေးလို့နေဆဲ၊
အသက်ရှင်ရပ်တည်ကျန်ရစ်ဘို့
သူမစိတ်ကူနဲ့ကိုယ့်စိတ်ကူးတစ်လမ်းသွားလမ်းလေးမှာတင်ကျန်ရစ်ဘို့
သူများဆန္ဒတွေနဲ့လှည့်ထွက်လိုက်တဲ့ခြေလှမ်းများနဲ့
ကိုယ့်စိတ်နဲ့ချိတ်ဆွဲထားတဲ့နယ်လွန်အတတ်တွေနဲ့
သင်ယူစရာသင်ခန်းစာတွေတစ်ပွေ့တစ်ပိုက် စာသင်ခန်းမနဲ့
မနက်ဖြန်ကိုဘယ်လိုဟန်ချက်ညှိုရပါ့၊
ငါကိုက အရိုင်းဆန်လွန်းတယ်
စွတ်စိုခွင့်ရမလားလို့
တိမ်ညိုတွေဆွဲငင်မိပါရဲ့
မိုးလေးတစ်ပေါက်ရွာခံရရုံနဲ့တာကျိုးခဲ့ရ၊
မုန်းတယ်တဲ့
မတွေ့ခင်ကတည်းကမှားခဲ့ကြတာလား
တွေ့ခဲ့တာကိုကအမှားတွေများလား
ကောက်ကြောင်းမလေးရေ
အဲဒီအမှာတွေခါးသက်နေဦးမည်ဆိုလျှင်တောင်
အမိုက်လက်ကျန်တစ်ခွက်နဲ့
ငါဆက်လက်သောက်နေဦးမယ်
အဲဒါ
သက်သေမရှိသေဆုံးသွားတဲ့ငါ့ချစ်ခြင်းသိက္ခာအတွက်
နင့်သံသယတွေနဲ့အဝေးရောက်ခဲ့တဲ့တို့ဆုံဆည်းမှုအခရာလေးများအတွက်
ပြီး
ငါ့ကိုမုန်းသွားတဲ့နင့်အချစ်တွေအတွက်။

အိပ်မက်ခရီးသည်



၁။ လှုပ်ရှားမှုတိုင်းမှာ
လေးလံမှုကကပ်ပါးတစ်ကောင်လိုကပ်ပါနေစမြဲ
တစ်ခါတစ်လေ
တို့ဘာကြောင့်သတိမမူမိခဲ့ပါလိမ့်
တိုက်ဆိုင်မှုသက်သက်ပါပဲ
ဟန်ဆောင်မှုကင်းတဲ့ဟောဒီဆည်းဆာက
တို့အရိပ်တွေရှည်လျားစေခဲ့
လူဆိုတာအတ္တကိုယ်စီနဲ့ခရီးဆက်နေသူ၊

၂။ ငါကမလိမ္မိုးမလိမ္မာ
တွေဝေဘို့အတွက်ခေါင်းမာလွန်းသူ
ချမ်သာမှုဆိုတာလည်း
ဆေးဆိုးပန်းရုက်ပျော်ရွှင်ခြင်းများရဲ့အမည်
ယုံကြည်မှုက
အကြောင်းတရားအရှိသဘောထားသူ
မနက်ဖြန်ဆိုတာ
အလုံပိတ်အိုးတစ်လုံးထဲကရာသီဥတု
မိုးရွာမည်လား
နေသာမည်လား

နှင်းဝေမည်လား
မသေချာခြင်းများနဲ့ကြီးပြင်းခဲ့ရတဲ့အသက်
သေချာတယ်
စကားလုံးတိုင်းအရောင်မရှိဘူး၊


၃။ အမေကပြောတယ်
သောက်လက်စကော်ဖီကိုမြန်မြန်လက်စသတ်လိုက်တော့
နေ့တစ်နေ့မှာ
ဇိမ်ခံဘို့မင်းအတွက်အချိန်များများသက်မှတ်ခွင့်မရှိဘူးတဲ့
ကြိုးစားခွင့်ရှိနေဆဲဆိုရုံလေး
မျော်လင့်ချက်တွေမုတ်သုံမလွတ်တဲ့ကာလ
ဘာသာတရားနဲ့ထိန်းမတ်တဲ့ကြားက
ငါ့တည်ငြိမ်မှုက
မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ပမာ၊


၎။ မျက်ဝန်းဒေါင့်ကျိုးလေးမှာလာရပ်တဲ့လောကအသံ
အဆံမပြည့်သေးတဲ့သစ်သီးတစ်လုံးလို
သူတို့ငါ့ကိုတရားဟောကြတယ်
ဟန်ဆောင်တတ်ဘို့
ငါ့ကိုယ်ငါပြန်ညာတတ်ဘို့
ညကိုကြယ်တွေလိုငေးကြည့်မိရဲ့
ခံစားချက်တိုင်းမှာ
မြှုံးမိတဲ့ငါးတစ်ကောင်လိုအနာဂတ်လက်မဲ့
ဟောကြည့်
မာယာတွေဈေးပေါလွန်းတဲ့ဒီခေတ်
ဘာကြောင့်များကမ္ဘာမြေကထမ်ပိုး ထားပါလိမ့်၊


၅။ လူတွေဟာငွေရဲ့ကျေးကျွန်
ချမ်းသာမှုဆိုတာလဲ
အမြဲငွေနဲ့ပေးဝယ်လို့မရတန်ကောင်းရဲ့
အဒီလို................
အပြောမတတ်မှုတွေကြောင့်
ငါလူတွေနဲ့မကြာခဏကင်းကွာခဲ့ဘူးတယ်
မျှော်လင့်ချက်
အသက်တစ်ရာတည်မြဲခွင့်မဲ့လူ့အသိုက်အမြုံလေးထဲ
သေဆုံးမှုကအကြိမ်တစ်ရာအလွန် 
ဒုက္ခဆိုတာ
သုခတရားကိုမြတ်နိုးတတ်လာစေဘို့
နာမည်ဆိုးအတတ်ခံလိုက်ရတဲ့နိယာမတစ်ခုပါပဲ၊


၆။ ကောင်းကင်မှာကြယ်ပျောက်ထိုးရုံနဲ့တော့
ဒီညမိုမရွားဘူးလို့တစ်ထစ်ချမပြောနိုင်သေး
မိုးမလုံတဲ့အိမ်ခေါင်မိုးနဲ့
လေမလုံတဲ့အကာအရံနဲ့
မျက်ရည်မခြောက်သေးတဲ့မျက်ဝန်းတွေနဲ့
မအိပ်ခင်အတွေးတစ်ချက်ဝင်လာတယ်
ငါလိုနေသေးတယ်
ပြီး
ငါဖြစ်ရမယ်၊


၇။ မတောင်းဆိုခင်ကငြင်းပယ်ထွက်ခွာသွားသောပင့်ကူလေးရေ
ငါ့ကိုယ်တိုင်ရေးကဗျာရှည်လေးထဲ
တငွေ့ငွေ့လေးလွမ်းဆွတ်နေဘို့
မင်းနာမည်လေးချန်ထားခဲ့တာကိုပဲကျေးဇူးတင်ပါရဲ့
ငြိမ်ချမ်းမှုဝေါဟာရ
လတ်တလောသတ်ပုံမှာရေးမိတဲ့ငါ့ဒိုင်ယာရီလေးထဲ
နှင်တို့ဝေဆဲ ကြွေနေဆဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ရဲ့ဖွဲ့နွဲ့မှုက တစ်ဘ၀မှာတစ်ပုဒ်တည်းပါပဲ
အတိမ်အနက်ဆိုတာ
တိုင်းတာသူရဲ့သရုပ်သကန်
ဟောကြည့်
ဟိုးအဝေးမှုံဖျဖျမိုးကုတ်စက်ဝိုင်းအောက်မှာ
မီးတုတ်တစ်လက်နဲ့
နှင်းဝတ်ရုံခြုံထားတဲ့အိပ်မက်ဖြူဖြူတွေ။

ရင့်ငြိမ်းစံ

Sunday, November 11, 2012

ဝေဒနာ


ဝေးခဲ့ပြီပဲ
ဆယ်နွေကဲသို့
ရင်ထဲကြွမ်းမြေ့
မမေ့နိုင်ရက်
နေ့ရက်များစွာဝေဒနာ၊

သမုဒယနွယ်
ရစ်နှောင်တွယ်ငြိ
ချစ်ခဲ့သမျှ
အိပ်မက်မျှပင်
ခင်ထင်ရော့လား
ရင်ခြားစေ့ခက်
မေ့ရန်ခက်ခဲ
နေ့စွဲများစွာဝေဒနာ၊

မလွမ်းရဲသူမို့
တမင်လမ်းခွဲခဲ့တာလား
သံယောဇဉ်အမျှင်တင်နေသမျှတော့
ပြန်တွေးရင်တောင်ရင်မှာဆွေးပါရဲ့
ညှို့ဟန်ဖွဲ့မုန်မာန်ဆင်
ခင်မကြင်ခင်ထွက်သွားတော့လဲ
လွမ်းအိမ်ဖွဲ့စေရာခရီးမှာ
သောကမိုးစွေနေဆဲပါပဲ
နေ့စွဲများစွာဝေဒနာ၊

အချစ်ရယ်
မခင်လို့ပဲဖြစ်ဖြစ်
မကြင်လို့ပဲပြစ်ပြစ်
ရင့်နင့်အောင်ချစ်ခဲ့သမျှအတွက်
ကိုယ့်ဝန်တာကိုယ်သာခံပါ့မယ်
မောဟလွှမ်းသည်ခရီးမှာ
ဝေဒနာအပူမမျှချင်တော့
ခင့်ဘ၀နဲ့ခင်
ခင်ပျော်လျှင်ကျေကျေနပ်ပါရဲ့
ကြမာဝဋ်မကုန်သေးသရွေ့တော့
သခင်ရယ်
ဆယ်နွေလိုကဲ။
မြတ်ငြိမ်း

ဝေးနေချိန်


ခေါ်သံသဲ့သဲ့ကြားမိသလိုလို
နှလုံးသားကိုဆွဲငင်သွားသူဘယ်မှာလဲ
မှုံဝိုးဝါးမြူနှင်းတွေထဲ
အရိပ်တွေဆွဲအဆန့်ခံရတဲ့သစ်ပင်က
အလွမ်းတွေသံသရာရှည်နေဦးမှာလားတဲ့

တစ်ချိန်က
ရယ်မောဘွယ်အချိန်းအချက်တွေ
ခုတော့
ရင်မောဘွယ်လွင့်မျောနေခဲ့
ှဗာဒံပင်လေးလိုပြန်လည်ငြိမ်းချမ်းခွင့်ရနိုင်ဦးမှာလား
သေချာမှုတွေူကမ်းပြန်သွားတဲ့နောက်တော့

ဖြစ်တည်နေရမှုက
အဝေးမြို့ ဥသြသံလို-----
ချစ်သူရယ်
ရင်ရဲ့လှိုက်ဖိုသံ
ချစ်သူ့အနားမှာနေခွင့်ရကာလရဲ့ပြီးပြည့်စုံမှုများ
အင်းလျားကန်လိုဘယ်တော့တည်ငြိမ်ခွင့်ရမှာလဲ
မပြည့်စုံခြင်းမှာအမြစ်ဆင်းမိခဲ့သောချစ်ခြင်းများနဲ့
အခွင့်ရှိသေးရင်
ဆုံဆည်းရာ ကဖေးဆိုင်လေးထဲမှာအတူရှိခဲ့ဘူးတဲ့အဖြစ်တွေ
မင်းမျက်ဝန်းသောကြာဒေါင့်ကျိုးလေးမှာချိတ်ဆွဲထားချင်ရဲ့
ချစ်သူရေ
သမိုင်းကိုစိတ်နဲ့အ၀ါရောင်ချယ်ပြီ
အိပ်မက်တွေမြူးရမယ့်ကာလလေးအတွက်
မြင်သမျှ
ခရမ်းရောင်သင့်ကွက်လက်များ
အရိုးပြိုင်းပြိုင်းထအကျည်းတန်နေပုံ။

Friday, November 9, 2012

ကဗျာဆရာ့ဧည့်ခန်းထဲမှာ

ဟောဒီအခန်းထဲမှာ
သမားရိုးကျ စိတ်ရဲ့အရေးအခြစ်တွေကလွဲလို့
ဘယ်လိုဆီဆေးပန်းချီကားချပ်တွေမှမရှိဘူး၊
ဟောဒီအခန်းထဲမှာ
ဟာလာဟင်းလင်းဖြစ်နေမှုကလွဲရင်
လေကောင်းလေသန့်တွေဝင်လည်မလာဘူး၊
ဟောဒီအခန်းထဲမှာ
ပတ်ဝန်းကျင်ကပဲ့တင်လာတဲ့ ပွင့်ဖက်ကျအသံတွေကလွဲရင်
ဘယ်လိုဂီတမှလှည့်ပြန်မလာဘူး၊
ဟောဒီအခန်းထဲမှာ
ပင့်ကူအိမ်းကွန်ယက်မှကပ်နေတဲ့ခံစားချက်တွေကလွဲရင်
ဘယ်လိုအနှောင်အဖွဲ့မှရှိမနေဘူး၊
ဟောဒီအခန်းထဲမှာ
ကမ္ဘာ့စီးပွားရေးမှတ်တမ်းတွေကလွဲရင်
ဘယ်လိုပိုင်ဆိုင်မှုမှရှိမနေဘူး၊
ဟောဒီအခန်းထဲမှာ
အမည်နဲ့သတ်မှတ်ထားမှုကလွဲရင်
ဘယ်ရာသီဥတုမှ တည်တည်တန့်တန့်လာမရပ်ဘူး၊
ဟောဒီအခန်းထဲမှာ
မောင်ချောနွယ်၊အောင်ချိန့်၊သစ္စာနီတို့အလည်လာသွားကြတယ်
ပြီး ကျွန်တော်တို့ကိုယ့်နာမည်ကိုယ်ပြန်ရှာကြတယ်
ကျွန်တော်တို့အမေတွေက ငြိမ်ချမ်းရေးဆိုပြီးသွားတဲ့
မငြိမ်းချမ်းသေးတဲ့အိမ်တစ်လုံးအကြောင်းကဗျာရေးဘို့ပြောတယ်
သူငယ်ချင်းတွေက သူတို့ရဲ့လွတ်ကျသွားတဲ့တပ်မက်မှုတွေအကြောင်း
ဝတ္ထုရေးခိုင်းတယ်
ဟောဒီအခန်းထဲမှာ
ကမ္ကာမြေက သူ့ရဲ့ပူလောင်မှုတွေအကြောင်းငြီးတယ်၊
လေပြေလေညှင်းတွေက
သူတို့ရဲ့ပြည်တည်နေတဲ့အနာရောဂါတွေအကြောင်းပြောတယ်
နောက်မှ ကိုယ်ပိုင်ချွေးနံ့ နဲ့ကဗျာရေးပေးဘို့ပြောတယ်
နောက်ဆုံး
ဟောဒီအခန်းလေးထဲမှာပဲ
ကျွန်တော်
လယ်သမားတစ်ယောက်လို
ကိုယ့်ကဗျာကိုယ်ပြန်ဖတ်နေမိတော့တယ်၊
ရင့်ငြိမ်းစံ။13.11.2008

ကဗျာတေလေ


နေ့တွေအလေအလွင့်များလွန်းတယ်
ကဗျာမဖြစ်တဲ့ စိတ်အကျိုးအကြေတွေနဲ့
ဘ၀က နေ့စဉ် ၀တ်မပျက် အလေ့အကျင့်လေးအတိုင်းအလေးလံဆုံးရွေ့လျားမှုနဲ့
အိုမင်းရင့်ရော်လို့၊
မေမေရေ.......
မေမေပြောပြောနေတဲ့အိပ်မက်ရိုးပြတ်လေးဆိုတာ သားဘ၀ပဲလား
အလေ့ကျသစ်တစ်ပင်လိုတောင် လွတ်လပ်စွာစိမ်းလန်းခွင့်မဲ့ တိမ်တစ်အုပ်နဲ့
ညဟာ အမှောင်နံရံမှာကပ်ငြိနေခဲ့၊
ဆောင်းရာသီရောက်တော့မည်
အနွေးဓာတ်မဲ့အိပ်ယာခင်းလေးလဲ
ငါ့အသွေးအသားလိုအေးခဲလို့၊
ပြန်မရနိုင်တော့တဲ့နေ့တွေကိုလွမ်းတာ ပျော့ညံ့ခြင်းလား
တစ်ခါတစ်လေ
ဘ၀ရဲ့အာသီသကပြည့်မှုက
မိုးခေါင်ဒေသကတစ်တစ်ပင်လောက်တောင်ပြည့်ဝခွင့်မရှိခဲ့တော့...
ကောက်ကြောင်းမလေးရေ...
အသံတိတ်တမ်းတသံတွေနဲ့ဆူဝေနေတဲ့ငါ့ညနေခင်းလေထဲ
မင်းခြေအစုံလေးပြန်လှည့်လာဘို့
ဘ၀ကိုဘယ်လိုဈေးနဲ့ပိုင်းဖြတ်ဆွဲငင်ရမလဲ
အတိတ်က မိုးသဲညတွေထဲ
လေတယ်
တေတယ်
မင်းမရှိတဲ့နေ့တွေမှာ အသက်ကသေတယ်
အတိတ်က မိုးသဲညတွေထဲ
ငါ့အနာဂတ်က တွေတယ်
ငါ့ကဗျာတွေလေနေတယ်

တကိုယ်ရေမှတ်တမ်း


ဘာရယ်မဟုတ်ဘူး
မိုင်တိုင်အမှတ်(26)အလွန်ရောက်မှ
အချစ်ကိုစိတ်နဲ့ကစားကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
နှင်းဆီဝါအိပ်မက်တစ်လှေစာနဲ့
ဘ၀ကိုသွေးတိုးစမ်းကြည့်ခဲ့တာ
ဘာရယ်မဟုတ်ဘူး
တစ်သက်စာစိတ်ကူးချိုချိုတွေနဲ့
မင်းမျက်နှာကိုတိတ်တိတ်လေးပုံရိပ်ကူးခဲ့တာ
ဘာရယ်မဟုတ်ဘူး
(ဘာမသိညာမသိ)
နယ်ကျွံယုံကြည်ချက်တွေနဲ့
ဘုရားရှေ့မှာအတူအဓိဋ္ဌာန်ခဲ့တာ
ကောင်မလေးရ
ဘာမဟုတ်ညာမဟုတ် နင်ထွက်သွားတော့
အချစ်ကစိတ်ကိုပြန်ကစားလို့
အိပ်မက်ကညကိုပြန်လှည့်စားလို့
ပြောဖြစ်ခဲ့သမျှစကားလုံးလှလှလေးတွေက
ငါ့ကော်ဖီခွက်ထဲမိုးတွေရွာစေလို့
မင်းပုံရိပ်က
ငါ့နှလုံးသားမှာအမာရွတ်လိုထင်ကျန်ရစ်လို့
ခုတော့
ဘာမသိညာမသိ
အခွံသက်သက်မိုးလို
ငါ--လွင့်မျောနေခဲ့။

ဘာလိုလို

ဘာလိုလို
လရောင်လူးဆောင်းညလမ်းလေးပေါ်
ဘ၀ကပြောတဲ့ဘ၀အကြောင်းစဉ်းစားမိတယ်
ကံတရားဆိုတာလက်ဖ၀ါးပေါ်ကသီဝရီတွေနဲ့သတ်မှတ်လို့မရဘူး၊
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်
အများစိတ်နဲ့ကိုယ့်ကိုယ်
တစ်လမ်းသွားပေါင်းကူးတံတားလေးဖြစ်ဘို့ဆိုတာ
သီချင်းတစ်ပုဒ်ကိုဟာမိုနီလိုက်သလိုလွယ်ရင်လဲအကောင်းသား၊
နေ့စဉ်
အလင်းအမှောင်စီးမျောမှုထဲ
ဖြစ်တည်လှုပ်ရှားမှုကရုပ်ရှင်ကားတစ်ကားပမာ၊
ဘာလိုလို
ပြက္ခတိန်တွေတစ်ရွက်ချင်းကြွေကျသွားတဲ့အသက်မှာ
အမေကပြောတယ်
ငါ့သားရင့်ကျက်လာပြီတဲ့
ပတ်ဝန်းကျင်ကပြောတယ်
မင်းပြောင်းလဲသွားပြီတဲ့
အရင်းနှီးဆုံးသူစိမ်းတစ်ယောက်ကပြောတယ်
သတ္တိမရှိဘူးတဲ့
ဘယ်လိုဝေဖန်ချက်တွေနဲ့အန်ဝင်ခွင်ကျမဖြစ်တဲ့အခန်းကျဉ်းလေးထဲ
ငါ......
စာကျက်နေရမှာလား
စီးပွားရေးအကြောင်းတွေးနေရမှာလား
အချစ်ကဗျာတစ်ပုဒ်ကိုခံစားရေးဖွဲ့နေရမှာလား
မရေရာမှုတွေအတွက်
နှင်းတွေလှည့်လှည့်ပြန်သွားတယ်၊
ဘာလိုလို
ဘွဲ့လက်မှတ်တွေတစ်ခုပြီးတစ်ခုနံရံပေါ်ကပ်တွယ်တက်တက်လာတယ်
ခုချိန်ထိ
စိတ်ကစိတ်ကိုပြန်ညှို့ နေဆဲလား
စိတ်ကစိတ်ကိုပြန်ချွတ်နေဆဲလား
မေမေရေ.....
စိတ်ကူးထဲကအိပ်မက်ရိုးပြတ်လေးဟာသားဘ၀ရဲ့ လူနေမှုအဆင့်ပဲလား
လူ့အဖြစ်ရဲ့ ဖြစ်တည်မှုဆိုတာလဲ
ကြက်မကြီးရဲ့ အတောင်ကြားကတိုးထွက်ချင်နေတဲ့ကြက်သားလေးတွေလိုပဲမေမေ၊
ဘာလိုလို
ကိုယ်ပိုင်မျက်ရည်နဲ့စတင်မိတ်ဖွဲ့မှုအပြီးမှာ
အငှါးမျက်ရည်နဲ့နိဂုံးမချုပ်ခင်အထိတော့
အလိုက်သင့်
လူတွေကိုလိုက်ပြုံးပြနေရဦးမယ်
လူတွေကိုလိုက်ကူညီပေးနေရဦးမယ်
လူတွေကိုလိုက်ပြီးဒေါသဖြစ်နေရဦးမယ်
လူတွေကိုလိုက်ပြီးချစ်ပြနေရဦးမယ်
လူတွေရဲ့ လှည့်စားချက်တွေကိုလက်ခံစဉ်းစားပေးနေရဦးမယ်
အသိတွေနွံနစ်တဲ့အခါ
လူတွေအပေါ်လိုက်ပြီးမကောင်းကြံနေရဦးမယ်
လူတွေဆီက ရောင်စုံအသံတွေနားထောင်ပေးနေရဦးမယ်
ဟင်း....
ဒီနေ့လည်း
ဘာလိုလို..............................

လျှပ်တပြက်ရိုက်ချက်များ



ဟောဒီခဏလေးပါပဲ
အံ့သြ၊ထိတ်လန့်မှုတွေနဲ့ဘ၀ကိုစခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
လူ့အဖြစ်ရဲ့ အငြိမ်းချမ်းဆုံးမေတ္တာရိပ်မှာခိုဝင်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
သင်္ခန်းစာတွေတပွေ့တပိုက်နဲ့
ဘ၀ကိုအိပ်မက်တွေနဲ့ကြိုက်ဈေးခေါ်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
အပူလောင်ဆုံးပျော်ရွှင်မှုနဲ့
ဘ၀ကိုအချစ်နဲ့ထပ်ကိန်းတွက် ကန့်သတ်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
ဆန္ဒနောက်အရိပ်လိုလိုက်ပြီး
ကိုယ့်အလိုကိုယ်ပြန်အလိုရိခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
သံယောဇဉ်တွယ်တာသူတို့
ပုံစံအမျိုးမျိုးနဲ့အနားကထွက်ခွါသွားခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
ဒုက္ခတွေပင်လယ်ဝေမှန်းသိသိနဲ့
တပ်မက်မှုတွေနဲ့ရပ်တန့်မနေတတ်ခဲ့ကြတာ၊
ဟောဒီခဏလေးပါပဲ
တရားသဘောကို
သညာနဲ့သိသလိုလို ပညာနဲ့သိသလိုလိုနဲ့အရွယ်တွေရင့်ရော်ခဲ့ကြရတာ၊
ဟောဒီခဏလေးပါပဲ
ဆန္ဒတွေမပြည့်မစုံနဲ့
အရာအားလုံးကိုကျောခိုင်းထွက်ခွါခဲ့ကြတာ၊
တကယ့်ကိုခဏလေးပါပဲ
လူ့အဖြစ်ရဲ့ ဖြစ်တည်မှုဆိုတာ။

အိပ်မက်မြစ်ကျဉ်း


၁၊ဒီနေ့ အဆင်မပြေမှုတွေနဲ့အာဟာရဖြည့်ရဦးမယ်
ကောင်းကင်ကိုမှ ဆနဲ့မိတဲ့လက်အစုံကိုတပ်ဆင်ထားမိတော့လဲ
မာန၀တ်ရုံတွေနဲ့ လှည့်အကြည့်ခံရဦးမည်ပေါ့
ဘ၀ကိုက လိုသလိုမဖြစ်တတ်တာ နိယာမ
အိပ်မက်တွေပြိုကျသွားလဲ ညကတော့ ညအတိုင်းပါပဲ
မနက် နေထွက်တာကိုငေးဘို့ နှလုံးသားတစ်စုံ ခပ်နွမ်းနွမ်းတစ်ထည်နဲ့
မျက်နှာဆေးဘို့
မလုံ့တလုံခွက်စုတ်လေးတစ်လုံးကတော့ငါ့အနားမှာ သစ္စာခံနေမြဲ၊
၂၊မထူးဆန်းပေမယ့်
ထူးဆန်းနေတယ်
ငါ့စိတ်
ငါ့အတွေး
ငါ့ အသား
ငါ့ ကံ
မပြောင်းလဲခြင်းတွေနဲ့ တရားသေ လွတ်လပ်ခွင့်
အိပ်မက်တို့ရင့်ရော်လဲ ရင့်ရော်စေတော့
လွမ်းတယ်လို့ဆက်မပြောတော့ဘူး ကောင်စုတ်မလေးရေ၊

၃၊ စကားဝိုင်း
အရင်အတိုင်း အနုပညာစီးကြောင်းလေးတစ်လျှောက် ကျောက်ဆောင်တွေနဲ့ငြင်းခုံကောင်းနေဆဲ
တစ်ရာသီစာ အာသီသ
တစ်မနက်တည်းတင် ပြတ်လပ်သွားတဲ့အခါ
တမ်းညဉ်းမိတယ်
ပုတ်သိုးသွားတဲ့ နရီအလွဲများအတွက်
ကဲ ငါ့စိတ်နဲ့ငါ အခက်သား၊

၎၊နွေဦးမိုး
ဘယ်လိုအငြိုးတွေနဲ့များကိုကို ရင်နာအောင် အတိတ်တွေသယ်ဆောင်လာပါလိမ့်
မိုးမှန်ရင် ဖျားနာတတ်တဲ့ ပျော့ညံ့မှုနဲ့
ဒီရင်က နာပြီးရင်းနာရင်း
ကယ်သူဝေး တပ်မဲ့လှေငယ်ရှင်က ငါ
ရယ်စရာနဲ့ကိုယ်ရည်သွေးလဲ
ကွယ်---
ဆက်မတွေးဖြစ်တာပဲကောင်းတယ်၊

၅။ စိတ်ကုန်တဲ့ ဝေဒနာ

နေ့

နှစ်
ဆယ်စု
ရာစု သီဝရီအမှုံအမွှ့ား အဖြစ်တင်ကျန်ရစ်စေတော့၊

၆။
လမ်း ကမ်း
တိမ်းတွေပြိုကျနေရုံနဲ့တော့
ခြေလှမ်းတွေရပ်မနေသင့်ဘူး
ကောင်းကင်ကို ၀တ်ရုံခွင့်မရှိလဲ
လရောင်နဲ့ စကားဆိုမယ်
ကျဉ်းမြောင်းလွန်းတဲ့ ကံကောင်းခြင်းများထဲ-----၊

စည်း


လွတ်လပ်မှုတွေပျောက်ဆုံးနေတဲ့ ဟောဒီအိမ်အိုလေး
ကွဲလွဲနေဆဲ နားလည်မှုများနဲ့
ခနော်ခနဲ့
ချော်လဲလို့ရောထိုင်ခဲ့ရပေါင်းလဲမနည်းတော့၊

လူ့လောကမျဉ်းများ
ဘယ်သူ့အဆိုပြုချက်နဲ့ ရေးဆွဲထားပါလိမ့်
ငါ့မှာတော့ မွန်းပြီးရင်းမွန်းရင်း
ကိုယ့်ကိုကိုယ်မှန်ထဲကြည့်ပြီးရင်ဖွင့်တာတောင်
ခေါင်းခါပြမှုနဲ့ရင်နာခဲ့၊

ဖြေဆေးမတွေ့သေးတဲ့စိတ်ဖြစ်ရုပ်ကြွင်းများ
အငွေ့မပြယ်သေးတဲ့ အတိတ်ပါး ပိုးပ၀ါစလေးနဲ့
နေ့စဉ်
လုံးချာလိုက်နေတဲ့ ၀ိရောဓိရာသီစက်ဝန်းမှာ
မိုးမညို့ပါစေနဲ့လို့ဆုတောင်းနေရုံကလွဲလို့
အိပ်ဆေးတွေနဲ့ညကိုတမ်းညှိနေရ၊

ရစ်သမ်
ဂီတ
နာကျင်မှု
အိပ်မက်
အသက်
ဒုက္ခတရားလေးအတိုင်း စီးမျောနေဆဲ၊

ဟင်း
မောတယ် ကောင်စုတ်မလေးရေ-----
ငါ့အမည်ငါပြန်သတ်မှတ်လို့ရရင်
ကောင်းကင်ကိုငါ စစ်ကြေညာလိုက်မယ်
ပျိုးနှုတ်သူမဲ့ငါ့ အနာဂတ်များအတွက်၊

ခုတော
ငါ့ကိုယ်ငါမေးခွန်းတွေနဲ့အချင်းများနေရတဲ့ငါ့အဖြစ်
မင်းမသိပေမယ့် ငါသိတယ်
စည်း
မုန်းစရာအကောင်းဆုံးနဲ့ဒီည အိပ်စက်ရဦးမယ်၊

Monday, November 5, 2012

မေ့သွားသောအပိုင်းအစများ


လူ့ဘ၀ဆိုတာ ဒုက္ခတရားတို့ပျော်စံရာဘုံလား
စိန်ခေါ်မှုတွေရှင်သန်ရာမြေယာကောင်းလည်ကွက်တစ်ခုပဲလား
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
ရင်မောခဲ့ရတဲ့နေ့တွေလဲမရေတွက်နိုင်တော့
အသိ
သတိ
ယတိပြတ်ဆုံးဖြတ်ရခက်တဲ့ပုစ္ဆာများနဲ့
တစ်နေ့တစ်ခြားကြီးကြယ်ခန်းနားခဲ့တာ၊
ကောင်မလေးရေ-----
မင်းနဲ့စဝေးခဲ့ရတုန်းကပေါ့
ကမ္ဘာကြီးဆုံးရှုံးပျောက်ဆုံးသွားပြီထင်မှတ်ခဲ့ဘူးတယ်
အချိန်
တစ်ရွေ့ရွေ့ကုန်လွန်မှုမှာ
ဟိုးအဝေးကတိမ်တွေလို ခံစားမှုများ ငါ့အတွက်အခရာအဖြစ်တည်မနေတော့၊
ဒီနေ့ဖြေရှင်းရခက်တဲ့ပုစ္ဆာဆိုတာ
မနက်ဖြန်မှာ ဟာသတစ်ပုဒ်
မသေချာမှုတွေရဲ့ စမ်းသပ်မှုမှာ
အောင်မြင်မှုက အကြိမ်ကြိမ်ရင်ခုန်ခဲ့တာ၊
အချစ်
ဘယ်သူများနာမည်တပ်မှားခဲ့တာလဲ
ငါ့တို့တတွေအဲဒါနာမည်အမှားနဲ့
ဖြားယောင်းခံခဲ့ရပေါင်းလဲမရေတွက်နိုင်တော့၊
ဒီနေ့
မနက်ဖြန်
ဟိုးအဝေးဆိုတာ စိတ်အာဟာရ
ဦးနှောက်ကိုတစ်ခါတစ်လေသော့ခက်ထားရမှအဆင်ပြေမယ်။

ကျောင်းဆရာ


စိတ်က ကဗျာ
ဘ၀က ဆရာ
ဖြစ်တည်နေရမှုကိုက လူ့ဘ၀ဆိုတာ ဘယ်တော့မှမပြည့်နိုင်တဲ့အိုးတစ်လုံး
စိတ်နဲ့ကိုယ်အစေးမကပ်တာလဲကြာပြီ။

ကျောင်းဆရာမို့သူမက ငြင်းပယ်သွားတယ်
ကောင်းကင်ပြိုမသွားပေမယ့် ကောင်းကင်ညို့ကျန်ခဲ့
မေမေရေ----
ဒုက္ခနဲ့တွေ့မှ ဘုရားတရားသိတတ်တဲ့သူတွေထဲမှာသားမပါ ပါရစေနဲ့။

လူ တစ်ကိုယ်တည်း နှစ်စိတ်ဖြစ်တဲ့အခါ
သူမဆီဖုန်းဆက်ဖြစ်တယ်
အဆင်ပြေမှုလား မပြေမှုလား ရယ်ပွဲဖွဲ့မှုနိဂုံးမှာ သောကတွေပွေခဲ့ရ။
ဒီတစ်နေ့
နောက်တစ်နေ့
ဟိုး အနာဂတ်
အိပ်မက်တွေလှလှမက်ပါစေကောင်စုတ်မလေး
မင်းပေးတဲ့သစ္စာနဲ့
မင်းထားတဲ့ဂတိနဲ့
ညစဉ်ညတိုင်း မင်းအကြောင်းတွေးပြီးရင်နာမနေချင်တော့။

စာသင်ခန်းမ
တပည့်တွေကိုတပည့်လိုကြည့်ပစ်လိုက်တယ်
ကိုယ့်ကိုကိုယ်ရင်နာခဲ့ရမှုတွေအတွက်။

Sunday, November 4, 2012

သစ်ခက်သံနဲ့မျောတဲ့ည




ဘ၀ဆိုတဲ့ခေါင်းစဉ်အောက်မှာ
တို့ဆန္ဒတွေဘယ်တော့လင်းခွင့်ရမှာလဲ

ဘယ်သူမှရှိမနေတဲ့အချိန်တွေနဲ့ယဉ်ပါးနေတဲ့ ဖြစ်တည်မှုကိုက
အထီးကျန်ဆန်ခြင်းရဲ့ ရသတစ်ခွက်လား

မနက်ဖြန်ဆိုတာလဲ မနက်ဖြန်ဖြစ်ပါ့မလားဆိုတဲ့သံသယနဲ့
ညစဉ်ညတိုင်း
အိပ်မက်တွေ ရေမျောကမ်းတင်ဖြစ်ခဲ့

ဘ၀ကို ဆန္ဒရဲ့အပေါ်စီးကနေငေးချင်ခဲ့သမျှ
ဆန္ဒတွေ ဘ၀ရဲ့နောက်ကောက်ချမှုမှာ ရင့်ရော်ခဲ့တယ်
စိတ်ခြွေရိပ်လေးရေ......
ရှင်သန်ရပ်တည်နေမှုက
ရေဝေးကမ်းနှစ်ဘက်လို
ကောင်းကင်ညို့ရင်ငိုချင်တတ်တဲ့အကျင့်ကိုကမကောင်းရော့ထင်

ကြယ်တွေကြွေတဲ့မြင်ကွင်းမှာ
အိပ်မက်တို့မမြင်တွေ့ပါစေနဲ့တော့။