Tuesday, November 13, 2012

ဘူတာအမှတ်နှစ်ဆယ့်ခြောက်အလွန်



လမ်းကကြမ်းတယ်
အလင်းရောင်မလုံလောက်သောနေ့ထဲ
စိတ်နုနုဝတ်ရုံလေးနဲ့ဘ၀ကမလှပဘူး၊
ဘာလိုလို
ခရီးရဲ့သုံးချိုးတစ်ချိုးအကျော်လေးတောင်ရောက်ခဲ့ပေါ့
ကျေးဇူးပါမေမေ
ခိုင်ကြည်မှုတွေယိုင်လဲသွားတဲ့အချိန်တိုင်း
အနုညံ့ဆုံးအရှိန်နဲ့
စိတ်ရှည်ရှည်တွဲထူပေးတတ်တဲ့မေမေ့ပရိုဗီမင်စကားလုံးတွေအတွက်၊
တစ်ခါတစ်ရံ
နှင်းဆီဝါပင့်ကူမလေးနဲ့ဝတ်မှုံကူးချင်တဲ့ဆန္ဒက
ရင်ဘတ်တစ်ခြမ်းအပြည့်ရှင်သန်နေပုံက
အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ပမာ
မေမေရေ
သားသားဘ၀လေးထဲ
မကောင်းမှုဆိုလို့
အတိတ်ကကြေကွဲဖွယ်အဖြစ်တွေအတွက်
ကိုယ့်နှလုံးသားကိုကိုယ်တိုင်ပြန်ဝှက်ကွယ်ထားခဲ့ဘူးတယ်၊
ဒီအချိန်ကျမှ
စိတ်ကိုလေအသင့် ကြုံသလိုကျပန်းလွှင့်ဘို့လဲမကောင်းဘူး
မေမေ
ကျွန်တော်ပြန်ကြည့်မိတဲ့ကျွန်တော့်အကြောင်းပြဇာတ်ထဲမှာ
ကျွန်တော့်ကိုသူမရှာတွေ့ခဲ့အကြောင်း
ကျွန်တော့်အကုသိုလ်နဲ့သူမ တို့တိုးတိုးတိတ်တိတ်ဆွေမျိုးတော်ခဲ့တဲ့အကြောင်း
ကျွန်တော့်ကိုကျွန်တောမကြော်ငြာတတ်ခဲ့တဲ့အကြောင်း
သူငယ်ချင်းတွေနဲ့ရယ်ပွဲဖွဲ့စိတ်လှည့်ပညာတွေအကြောင်း
ကိုယ်တစ်ခြမ်းပျောက်နေတဲ့
အင်းလျားကန်ဘောင်ပေါ်ကခုံတန်းလေးတွေအကြောင်း
မမွေးသေးတဲ့အနာဂတ်အတွက်
နေ့စဉ်ရငွေပေးငွေရှင်းတန်းများနဲ့
ပစ္စုပ္ပန်ဟာဘောင်ဘင်ခက်နေတဲ့အကြောင်း
ကျေးဇူးပြုပြီးဘယ်သူ့ကိုမှဖွင့်မဘဲထားခွင့်ပြုပါ၊
ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ပြီးငြင်းပယ်မိတဲ့အခါ
ဘယ်သူမှမကျေမနပ်မဖြစ်လိုက်ကြပါနဲ့
လူပီသခွင့်
ဘူတာအမှတ်နှစ်ဆယ့်ရှစ်အထွက်မှရဲတည်ဘို့
တစ်ခါတစ်ရံဘဲဖြစ်ဖြစ်
အတ္တကိုသံလမ်းအဖြစ်သုံးခွင့်ပြုပါ။

No comments: