Tuesday, November 13, 2012

ထမင်းသိုးဟင်းသိုး



ကောင်းကင်ဟာ သစ်တစ်ပင်ဖြစ်ခဲ့လျှင်
ညတွေဟာ အရိပ်တွေများလား
ဒါဆို နေ့တွေကိုဘယ်သူအရောင်ဆိုးသလဲ
စိတ်ကိုက
အချဉ်တည်မှအရသာပိုလေးတတ်လေတော့
ငါတို့မှာ လေးပြီးရင်းလင်းလင်းနေရပေါင်းလဲမနည်းတော့။
ပြင်ဦးလွင်မြို့အ၀င်လမ်းမများလို
ဘ၀ဆိုတာကွေ့အကောက်များလွန်းမှလှပရမှာလား
ဧရာဝတီမြစ်ထဲမှာဥသြဆွဲသံတွေရမ်းကားနေဆဲ
ပြည်လမ်းမပေါ်မှာလူတွေညှပ်ပိတ်နေဆဲ
ငါ့အိမ်ရှေ့မှာ
ဆယ့်နှစ်ရာသီကောက်သင်းကောက်သူများ
တိမ်ညိုတွေငင်ပြီးထုဆစ်နေကြတဲ့ပန်းပုသမားများ
ဆည်တွေဖောက်ပြီးကိုယ့်ကိုကိုယ်မြစ်တစ်စင်းအဖြစ်အသွင်ပြောင်းသူများ
နှင်းတွေလိုလွင့်နေတတ်တဲ့အရိပ်များ
ငါ့ကိုငါပြန်ရှာဖွေနေတဲ့ငါ့မြို့ဟောင်းလေးများများ
ငါ့ကျောပြင်ကိုပွတ်သပ်နေတဲ့မိခင်ရဲ့အကြင်နာတရားများများ
ငါ့ကိုညှို့ငင်နေတတ်တဲ့ရွှေအိုရောင်ဆောင်းရာသီထဲကအပြုံးလေးများ
ညကိုငါငေးသလိုသူတို့ငေးလို့နေဆဲ၊
အသက်ရှင်ရပ်တည်ကျန်ရစ်ဘို့
သူမစိတ်ကူနဲ့ကိုယ့်စိတ်ကူးတစ်လမ်းသွားလမ်းလေးမှာတင်ကျန်ရစ်ဘို့
သူများဆန္ဒတွေနဲ့လှည့်ထွက်လိုက်တဲ့ခြေလှမ်းများနဲ့
ကိုယ့်စိတ်နဲ့ချိတ်ဆွဲထားတဲ့နယ်လွန်အတတ်တွေနဲ့
သင်ယူစရာသင်ခန်းစာတွေတစ်ပွေ့တစ်ပိုက် စာသင်ခန်းမနဲ့
မနက်ဖြန်ကိုဘယ်လိုဟန်ချက်ညှိုရပါ့၊
ငါကိုက အရိုင်းဆန်လွန်းတယ်
စွတ်စိုခွင့်ရမလားလို့
တိမ်ညိုတွေဆွဲငင်မိပါရဲ့
မိုးလေးတစ်ပေါက်ရွာခံရရုံနဲ့တာကျိုးခဲ့ရ၊
မုန်းတယ်တဲ့
မတွေ့ခင်ကတည်းကမှားခဲ့ကြတာလား
တွေ့ခဲ့တာကိုကအမှားတွေများလား
ကောက်ကြောင်းမလေးရေ
အဲဒီအမှာတွေခါးသက်နေဦးမည်ဆိုလျှင်တောင်
အမိုက်လက်ကျန်တစ်ခွက်နဲ့
ငါဆက်လက်သောက်နေဦးမယ်
အဲဒါ
သက်သေမရှိသေဆုံးသွားတဲ့ငါ့ချစ်ခြင်းသိက္ခာအတွက်
နင့်သံသယတွေနဲ့အဝေးရောက်ခဲ့တဲ့တို့ဆုံဆည်းမှုအခရာလေးများအတွက်
ပြီး
ငါ့ကိုမုန်းသွားတဲ့နင့်အချစ်တွေအတွက်။

No comments: