Friday, November 9, 2012

ဘာလိုလို

ဘာလိုလို
လရောင်လူးဆောင်းညလမ်းလေးပေါ်
ဘ၀ကပြောတဲ့ဘ၀အကြောင်းစဉ်းစားမိတယ်
ကံတရားဆိုတာလက်ဖ၀ါးပေါ်ကသီဝရီတွေနဲ့သတ်မှတ်လို့မရဘူး၊
ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်
အများစိတ်နဲ့ကိုယ့်ကိုယ်
တစ်လမ်းသွားပေါင်းကူးတံတားလေးဖြစ်ဘို့ဆိုတာ
သီချင်းတစ်ပုဒ်ကိုဟာမိုနီလိုက်သလိုလွယ်ရင်လဲအကောင်းသား၊
နေ့စဉ်
အလင်းအမှောင်စီးမျောမှုထဲ
ဖြစ်တည်လှုပ်ရှားမှုကရုပ်ရှင်ကားတစ်ကားပမာ၊
ဘာလိုလို
ပြက္ခတိန်တွေတစ်ရွက်ချင်းကြွေကျသွားတဲ့အသက်မှာ
အမေကပြောတယ်
ငါ့သားရင့်ကျက်လာပြီတဲ့
ပတ်ဝန်းကျင်ကပြောတယ်
မင်းပြောင်းလဲသွားပြီတဲ့
အရင်းနှီးဆုံးသူစိမ်းတစ်ယောက်ကပြောတယ်
သတ္တိမရှိဘူးတဲ့
ဘယ်လိုဝေဖန်ချက်တွေနဲ့အန်ဝင်ခွင်ကျမဖြစ်တဲ့အခန်းကျဉ်းလေးထဲ
ငါ......
စာကျက်နေရမှာလား
စီးပွားရေးအကြောင်းတွေးနေရမှာလား
အချစ်ကဗျာတစ်ပုဒ်ကိုခံစားရေးဖွဲ့နေရမှာလား
မရေရာမှုတွေအတွက်
နှင်းတွေလှည့်လှည့်ပြန်သွားတယ်၊
ဘာလိုလို
ဘွဲ့လက်မှတ်တွေတစ်ခုပြီးတစ်ခုနံရံပေါ်ကပ်တွယ်တက်တက်လာတယ်
ခုချိန်ထိ
စိတ်ကစိတ်ကိုပြန်ညှို့ နေဆဲလား
စိတ်ကစိတ်ကိုပြန်ချွတ်နေဆဲလား
မေမေရေ.....
စိတ်ကူးထဲကအိပ်မက်ရိုးပြတ်လေးဟာသားဘ၀ရဲ့ လူနေမှုအဆင့်ပဲလား
လူ့အဖြစ်ရဲ့ ဖြစ်တည်မှုဆိုတာလဲ
ကြက်မကြီးရဲ့ အတောင်ကြားကတိုးထွက်ချင်နေတဲ့ကြက်သားလေးတွေလိုပဲမေမေ၊
ဘာလိုလို
ကိုယ်ပိုင်မျက်ရည်နဲ့စတင်မိတ်ဖွဲ့မှုအပြီးမှာ
အငှါးမျက်ရည်နဲ့နိဂုံးမချုပ်ခင်အထိတော့
အလိုက်သင့်
လူတွေကိုလိုက်ပြုံးပြနေရဦးမယ်
လူတွေကိုလိုက်ကူညီပေးနေရဦးမယ်
လူတွေကိုလိုက်ပြီးဒေါသဖြစ်နေရဦးမယ်
လူတွေကိုလိုက်ပြီးချစ်ပြနေရဦးမယ်
လူတွေရဲ့ လှည့်စားချက်တွေကိုလက်ခံစဉ်းစားပေးနေရဦးမယ်
အသိတွေနွံနစ်တဲ့အခါ
လူတွေအပေါ်လိုက်ပြီးမကောင်းကြံနေရဦးမယ်
လူတွေဆီက ရောင်စုံအသံတွေနားထောင်ပေးနေရဦးမယ်
ဟင်း....
ဒီနေ့လည်း
ဘာလိုလို..............................

No comments: